35 C
Yangon

ရခိုင်မှ မြို့နှစ်ခုကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရခိုင်မှ မြို့နှစ်ခုကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်| မတ် ၂၂

ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို မတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန် နှင့် နံနက် ၉ နာရီဝန်းကျင်အချိန်တို့တွင် စစ်ကောင်စီက လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာရောက်ကာ ဗုံး ၄ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။

ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ကျော်ဇံရွာကို စစ်ကောင်စီက ဗုံး ၃၊ လေးလုံးလောက် ကျဲသွားတယ်။ ဒီနေ့ မနက် ၉ နာရီလောက်ပဲ။ ဘယ်လောက် ထိခိုက်ပျက်စီးသွားသလဲကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

ယင်းအပြင် ပေါက်တောမြို့နယ် သဲခုံကျေးရွာကိုလည်း ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်လာရောက် ကျဲသွားကြောင်း ဒေသခံများက ပြောသည်။

ပေါက်တော ဒေသခံတစ်ဦး “ပေါက်တာ သဲခုံရွာကိုလည်း ပေါင် ၅၀၀ နဲ့ ဗုံးကျဲသွားတယ်။ စာသင်ကျောင်း၊ နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားတယ်ပြောတယ်။ လူအထိအခိုက် ရှိမရှိ မသိရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့တို့သည် စစ်တွေမြို့အနီးက မြို့များဖြစ်ပြီး စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ ကျေးရွာများမှ ပြည်သူများမှာ ဇန်နဝါရီလ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များနှင့် ရေတပ်တို့သည် စစ်တွေမြို့အနီးက တိုက်ပွဲများကို အကြောင်းပြု၍ စစ်ရေးနှင့်မဆိုင်သော ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်တွေမြို့နယ်နှင့် ထိစပ်နေသော ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာပေါင်း ၂၀ ခန့်နှင့် ပေါက်တောမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူ ထောင်ပေါင်းများစွာမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ- ပေါက်တောမြို့ကို စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေစဉ်။( ပုံဟောင်းဖြစ်ပါသည်။)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article