လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေး စိုးမိုးရေး ဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်
ယခုလာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံခြုံရေး စိုးမိုးရန် စနစ်တကျ ဆောင်ရွက်ရန် အကြမ်း ဖက်မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန်၊ တိုင်းနှင့် ပြည်နယ်အလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် က ထုတ်ဖော်ပြောဆိုသည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန်လည်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ လက်ရှိ နိုင်ငံ၏ တစ်ဝက်ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ် သိမ်းပိုက်ထားကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်တွင် အခြေစိုက် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးကမူ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပရန် မကြာခဏ ထုတ်ဖော်ပြောဆိုနေသော် လည်း လက် တွေ့တွင် လုံခြုံရေးအခြေအနေအရ အလွန်ရှုပ်ထွေးနေကြောင်း၊ တစ်ပြည်လုံးအတိုင်းအတာ ဖြင့် ရွေးကောက်ပွဲ လုပ်နိုင်မည်မဟုတ်ဘဲ စစ်တပ်က လုံခြုံရေးစိုးမိုးသော ဒေသများကို အပိုင်းလိုက် ရွေးကောက်ပွဲ ပြုလုပ်၍ အမည် ခံ လွှတ်တော်နှင့် အမည်ခံ အစိုးရ ဖွဲ့စည်းမည့် အခြေအနေဟု ယူဆကြောင်း သုံးသပ်ပြောဆိုသည်။
“သူက ရွေးကောက်ပွဲ လုပ်မယ်သာ ပြောနေတာ။ တကယ် ရွေးကောက်ပွဲ ဖြစ်ဖို့ကလည်း ခက်ပါတယ်။ ခက်နေတာကြီးကို အတင်းတွန်းလုပ်ရင်လည်း တစ်ပြည်လုံးရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ မည်ကာမတ္တ ရွေးကောက်ပွဲပဲ ဖြစ်မယ်။ ဒီရွေးကောက်ပွဲမှာ ပေါ်လာမယ့် အစိုးရကလည်း စစ်တပ်က ချုပ်ကိုင်ထားမယ့် အစိုးရပဲ ပေါ်လာမှာပါ။ အဲဒီတော့ ပြောချင်တာက လက်ရှိ စစ်တပ်ကပဲ ကြီးစိုးအုပ်ချုပ်မယ့် အရပ်သားအမည်ခံ အစိုးရတက်လာမယ့် သဘောလို့ ပြောလို့ရတယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးအတွက်တော့ ဘာမှ သိပ်မထူးနိုင်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
အဆိုပါ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားကပင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်အနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပြောဆိုသည်။
“လက်ရှိ စစ်ခေါင်းဆောင်ကတော့ ကြံ့ခိုင်ရေးပါတီဘက်ကဖြစ်ဖြစ်၊ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ဘက်ကဖြစ်ဖြစ် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းပြီး သမ္မတ တက်လုပ်နိုင်တယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူပါချင်လို့ လုပ်ချင်လို့ကို ဒီအခင်းအကျင်းကို ဖန်တီးထားတာပဲလေ” ဟု ၎င်းက ဆိုသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထု ရွေးကောက်တင်မြှောက်ထားသော အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရားစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
