37.5 C
Yangon

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့် ဖြစ်စဉ်မှ သေဆုံးခဲ့သော ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်

Must read

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့် ဖြစ်စဉ်မှ သေဆုံးခဲ့သော ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်

ရန်ကုန်၊ မတ် ၂၅

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာရှိ ပြည်သူ့နေအိမ်များနှင့် ပြည်သူ့ဆေးခန်းရှိရာသို့ အကြမ်းဖက်စစ်တပ်က ဗုံးကျဲချခဲ့၍ ကျဆုံးခဲ့ရသည့် CDM ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကာ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီမှ တာဝန်ရှိသူက ပြောကြားသည်။

မတ်လ ၂၂ ရက်နေ့ အကြမ်းဖက်စစ်တပ်က ပြည်သူများနှင့် ပြည်သူ့ဆေးခန်းရှိရာသို့ ဗုံးကျဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့သည့်အတွက် CDM ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်၊ ကိုယ်ဝန်ဆောင် ဇနီးသည် ဒေါ်ခိုင်နှင်းဝေနှင့် သားငယ်တို့အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် CDM ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ဒေါက်တာ မြစိုးအောင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ်မှ စတင်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး တော်လှန်ရေးကာလတွင်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသက်စွန့်၍ ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများကို CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း၊ သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက် ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်လုံးဝ ပြိုလဲကျဆုံး၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိသစ္စာပြုကြောင်းလည်း စစ်ကိုင်း ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ကတိပြုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article