ကျောက်တံခါးမြို့အနီးရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့အနီးရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက်ငယ် ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကျောက် တံခါးမြို့ အနီးရှိ စဉ့်အိုးလဟာကျေးရွာ၌ အင်းအား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ G-3 အမျိုးအစား သေနတ် ၁ လက်၊ လက်နက်ငယ်ကျည်များနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လေယာဥ်ပစ်ကူများ၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံ တိုက် ခိုက်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“အလုံးစုံသိမ်းနိုင်ခြင်းတော့ မရှိပါဘူး။ ၃ ပုံ ၂ ပုံလောက်အထိ သိမ်းနိုင်တယ်။ မိုးလင်းသွားတော့ လေယာဉ်လာပြီးတော့ ပစ်ကူပေးတာကိုလည်း ခံလိုက်ရတော့ ကျနော်တို့ ဆုတ်လိုက်ရတာ ဒီညနေ အင်အားတွေ ထပ်ဖြည့်ထားတာရှိပါတယ်။ ဒီစခန်းက ကျောက်တံခါးမြို့နဲ့ အနီးဆုံးစခန်းလို့ ပြောလို့ရတာပေါ့။ မြို့နဲ့နီးတဲ့စခန်းဖြစ်တဲ့အတွက် သူတို့တော်တော်ရုန်းကန်တဲ့သဘောတွေ့ရပါတယ်။ လက် နက်ကြီး ၊ လေယာဉ် မြေပြင်အင်အားစစ်ကူပေါ့။ အဲလိုမျိုးတွေနဲ့ ပြန်တုံ့ပြန်တာမျိုးရှိပါတယ်” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၅ ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ ကာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။
“ပြည်သူကို တိုက်တွန်းချင်တာကတော့ ဘယ်တိုက်ပွဲကိုပဲ ဖြစ်ဖြစ် ပတ်ဝန်း ကျင် မှာရှိတဲ့ အနီးနားက ကျေးရွာတွေ အိမ်တွေကို စစ်တပ်က ဖျက်ဆီး၊ လေ ယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာဖြစ်တဲ့ အတွက်ကြောင့် လုံခြုံတဲ့ ဗုံးခို ကျင်းတွေ သေသေချာချာလေးတူးကြဖို့တော့ ကျနော်တို့ဘက်ကတော့ ဖြစ်စေချင်တာပေါ့။ တချို့ပြည်သူတွေကလည်း လိုက်ပါမှုကောင်းပါတယ်။ ဒါပေမယ့် တချို့ ပြည်သူတွေကလည်း ဂရုမစိုက်တာမျိုးတွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်မိသားစု လုံခြုံဖို့အတွက်တော့ ဗုံးခိုကျင်းတွေ တူးထားပေးကြဖို့ ပြောချင်ပါတယ်” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။

