စဉ့်ကူးမြို့နယ်တွင် မာလဲနတ်တောင်ဆည်နှင့် ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦး အများအပြား ပျက်စီး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် မာလဲနတ်တောင်ဆည်နှင့် ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောဆိုသည်။
မတ်လ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် မှ ည ၉ နာရီ ၃၀ အမိနစ်အထိ အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တို့ကို ဂျက်ဖိုက်တာ ၅ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဒေသ ပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတ လုပ်ငန်း အချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ပြည်သူပိုင် အဆောက်အဦးများစွာ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသော လေယာဉ်ဗုံး အချို့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ပြည်သူများ ဘေးအန္တရာယ် ထိခိုက်မှုမရှိစေရန် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။


