ကုလ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းရာ စစ်ကောင်စီ၏ မဟာမိတ် ရုရှားက စာသားများ ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မဲအပြတ် အသတ် ဖြင့် ရှုံးနိမ့်
ရန်ကုန်၊ မတ် ၂၇
ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ပြဿနာများ ဖြေရှင်းပေးရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းခဲ့ရာတွင် စစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ယင်းအဆိုပြု မူကြမ်းပါ စာသားများကို ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။
မတ်လ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ၆၂ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့်လူနည်း စုများ အပါအဝင် မြန်မာပြည်သူများအရေး အတွက် “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မြန်မာစစ်တပ်၏ မဟာမိတ် ရုရှားက ပြင်ဆင်ရန် ကြိုးစားသည့်ကြားမှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံ အခွင့်အရေးများ ကို မြှင့်တင် ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မြန်မာနိုင်ငံ၏ ဦးစားပေး အကြောင်းအရာဖြစ်ကြောင်း၊ ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်၍ ပြဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ ကျင့်သုံး နေသည့် အာဏာရှင် စနစ်ဖြစ်၊ အဆိုပါ ဇစ်မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာ နိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူ လူထု အပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန်နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကျဲ တိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည်သွားရောက်ရေးမှာ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂညီလာခံတွင် ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ကုလသမဂ္ဂညီလာခံတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ က L. 67 အဆိုမူကြမ်း၌ ပါဝင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ စောလျင်စွာ ပြန်လည်သွားရောက်နိုင်ရေး အတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစာသားတို့ကို ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 68၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပါဝင်မှုနှင့်ပတ်သက်သည့်စာသားကို ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 69 နှင့် Gender Parity နှင့် လူငယ်များ ကိုယ်စားပြုမှုနှင့်ဆက်စပ် စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 70 တို့အား အသီးသီး တင်သွင်းခဲ့သည်။
စစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ဆုံးဖြတ်ချက် အဆို မူကြမ်းပါ စာသားများကို ဖြုတ်ပယ် ပြင်ဆင်ရေး တင်သွင်းမှုအတွက် ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ L. 68 ပြင်ဆင်ချက်အတွက် ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၁၀၃ မဲနှင့် ကြားနေမဲ ၂၄ မဲဖြင့်လည်းကောင်း၊ L. 69 ပြင်ဆင်ချက်ကို ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၉၆ မဲနှင့် ကြားနေမဲ ၃၂ မဲဖြင့်လည်းကောင်း၊ L. 70 ပြင်ဆင်ချက် ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၈၀ မဲနှင့် ကြားနေမဲ ၄၀ မဲဖြင့်လည်း ကောင်း အသီးသီး ပယ်ချခဲ့သဖြင့် ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့က တင်ပြသော ပြင်ဆင်ချက်များမှာ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။
ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ ပြင်ဆင်ချက်များကို အတည်ပြုခြင်းမရှိဘဲ မူလဆုံးဖြတ်ချက် အဆိုမူကြမ်း L.67 ကို အထွေထွေညီလာခံ သဘာပတိက တင်သွင်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၀ မဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့မှ တင်သွင်းသည့် ပြင်ဆင်ချက် ၃ ခုလုံးအား ကန့်ကွက်မဲ ပေးခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာ ပတိက တင်သွင်းသည့် အဆိုမူကြမ်း တစ်ခုလုံးကို ထောက်ခံမဲ ပေး၍ ရပ်တည်ခဲ့ကြောင်း၊ အဆိုပါအဆင့်မြင့်နိုင်ငံတကာကွန်းဖရင့် ကျင်းပခြင်းက ပြဿနာ ဖြေရှင်းရေးအတွက် မိမိတို့၏ လုပ်ဆောင်မှုများ ကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၏ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရေးကိုလည်း အလေးထား မျှော်မှန်းထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ကုလသမဂ္ဂညီလာခံတွင် ရိုဟင်ဂျာများနှင့် လူနည်းစုများ အခွင့်အရေး မြှင့်တင်ရေး အဆိုဖြစ်သည့် “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အထွေထွေညီလာ ခံ သဘာပတိက ဦးဆောင် တင်သွင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများအတွက် Co-facilitator များအဖြစ် ဖင်လန်နှင့် မလေးရှား အမြဲတမ်းကိုယ်စားလှယ်တို့က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။



