ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် ရထားတွဲကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် ရထားတွဲကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ က ပြောဆိုသည်။
ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်အပိုင်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ စစ်ဆင်ရေးနယ်မြေ (၂) ၊ တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၂၃) ၊ (၃၅၀၂) စစ်တောင်းစစ်ကြောင်းမှ လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်ခြေထောက်အပိုင် ရဲစခန်း မှ အင်အား ၆ ဦးဖြင့် ထွက်လာသော အိမ်စီးကား အဖြူရောင် ၁စီးနှင့် ရထားခေါင်းတွဲ အတိုဖြင့် အင်အား ၁၀ ဦး လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
