36 C
Yangon

ကယ်ဆယ်ရေးဝန်ထမ်းနှင့် ပစ္စည်းများ မလုံလောက်မှု၊ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် ပြိုကျအဆောက်အအုံများအတွင်း ပိတ်မိသူများ ကယ်တင်နိုင်ရေး နှောင့်နှေးနေ

Must read

မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများကို ဆက်လက်ကယ်တင်

ကယ်ဆယ်ရေးဝန်ထမ်းနှင့် ပစ္စည်းများ မလုံလောက်မှု၊ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် ပြိုကျအဆောက်အအုံများအတွင်း ပိတ်မိသူများ ကယ်တင်နိုင်ရေး နှောင့်နှေးနေ

မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများကို ဆက်လက်ကယ်တင်

ရန်ကုန်၊ မတ် ၂၈

ရစ်ချ်တာစကေး ၇.၇အဆင့်ရှိ ငလျင်ဒဏ်ကြောင့် အဆောက်အအုံအများအပြားပြိုကျခဲ့ပြီး မန္တလေးနှင့် စစ်ကိုင်းဘက်တွင် နောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက်လှုပ်နေမှု၊ ကယ်ဆယ်ရေးဝန်ထမ်းနှင့် အထောက်အကူပစ္စည်းများ မလုံလောက်မှုတို့ကြောင့် ညနက်ပိုင်းရောက်လာသည်အထိ ပိတ်မိနေသူများကို ခက်ခက်ခဲခဲကယ်တင်နေရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။

အဆောက်အအုံများထဲတွင် ပိတ်မိနေသူများက ၎င်းတို့ကို ကယ်တင်ပေးကြရန် အော်ဟစ်အကူအညီ တောင်းသံများကို ကြားရသော်လည်း ငလျင်ငယ်များ လှုပ်ခတ်နေမှု၊ ပြိုကျသော အဆောက်အအုံအပိုင်းအစများ၊ သံများ အစရှိသဖြင့် ပစ္စည်းများကို ဖယ်ရှားရန်အတွက် ပစ္စည်းမလုံလောက်မှု၊ ကယ်ဆယ်ရေးဝန်ထမ်း နည်းပါးမှုတို့ကြောင့် ပိတ်မိသူများကို ရှာဖွေကယ်တင်နိုင်ရေးလုပ်ငန်းများမှာ နှောင့်နှေးခက်ခဲနေကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ရှင်းပြသည်။

လက်ရှိတွင် စစ်ကိုင်း၊ မန္တလေး၊ အောင်ပန်း၊ နေပြည်တော်တို့တွင် အဆောက်အအုံပေါင်းများစွာ ပြိုကျခဲ့ကာ မန္တလေးမြို့မှာ ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ပြိုကျအဆောက်အအုံပေါင်း များစွာထဲတွင် လူပေါင်း ရာနှင့်ချီကာ ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိသည့် Sky Villa Condo မှာ ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေကြီးထဲကျွံဝင်သွားပြီး မြေပေါ်တွင် ၇ ထပ်သာ ကျန်ရစ်တော့ကာ ကွန်ဒို ၁၁ ထပ်တွင် ၄ ထပ်လောက်မှာ မြေထဲကျွံဝင်သွားသည့်အတွက် လူအများအပြား ပိတ်မိနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“Sky Villa အထဲမှာ အသံတွေ (ည၉ နာရီအထိ)ကြားနေရတယ်။ တော်တော်များများ အသက်ရှင်သေးတယ်။ ၃ယောက် စကားပြန်ပြောတယ်။ ကယ်ဖို့လုပ်နေတုန်း အချက်ပေးသံကြောင့် ပြန်ပြေးလာရတယ်” ဟု Sky Villa ကယ်ဆယ်ရေးနေရာတွင် ရောက်ရှိနေသူတစ်ဦးက လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်နှင့်တကွ တင်ထားသည်။

“ကလေးနှစ်ယောက် အမျိုးသမီးတစ်ဦး အသက်ကြီးအရွယ် အဖွားတစ်ဦးအသံ (ည ၉နာရီခွဲမှာ) ကြားရ….အဖွားကတော့ ဆုံးပြီလို့ သိရပါတယ်။ ၄ လွှာ ကပါ”ဟုလည်း လူမှုကွန်ယက်တွင် ရေးသားထားသည်။

Sky Villa ကွန်ဒိုမှာ အပိုင်း ၃ ပိုင်းရှိပြီး အလယ်ပိုင်းနှင့် အနောက်ဘက်ပိုင်းကအလွှာများ ပြိုကျသွားကာ ရှေ့တစ်ပိုင်းတွင်လည်း အပေါ် (၇)လွှာသာ ကျန်ပြီး အောက်(၄)လွှာမှာ မြေကြီးအောက်နစ်မြှပ်ပျောက်သွားခြင်းဖြစ်ကြောင်း အဆိုပါကွန်ဒိုတွင် နေထိုင်ကာ လွတ်မြောက်သွားသူတစ်ဦးက ပြောသည်။

မန္တလေးကိုဗဟိုပြုသော ငလျင်ကြောင့် လတ်တလော သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိဟု မင်းအောင်လှိုင်က စစ်တပ်ပိုင် ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် ယခုညပိုင်း ထွက်ပြောသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်အချိန် လှုပ်ခတ်သော ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် လတ်တလော သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦးနှင့် ကျောက်ဆည်တွင် ၃၀ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူများအနေဖြင့် နေပြည်တော်တွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃၀၀ ဦးနှင့် ကျောက်ဆည်တွင် စိစစ်ဆဲ စုစုပေါင်း ၇၃၂ ဦးရှိကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရသူများ ဆက်လက် တိုးလာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ပုံစာ- ယခုည ၉ နာရီကျော်အထိ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်နေသူများ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article