ကျောက်တံခါးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူ ၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၄ လောင်းသာရှာတွေ့သေး
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူ ၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၄ လောင်းသာရှာတွေ့သေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အား ပြင်းမြေငလျင်ကြောင့် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူများလည်း ငလျင်ဒဏ်ကို ခံစားနေရပြီး နေအိမ်များ ပြိုကျပျက်စီးကာ လူ ၈ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ၈ ဦးသည် မြို့ချောင်းရွာမှ အသက် ၂၈ နှစ်အရွယ် မောင်ရဲနီး(ခ)မော့ကြီး ၊ အသက် ၂၅ နှစ်အရွယ် ကိုဂျိုး ၊ အသက် ၂၀ အရွယ် ကိုမှိုင်းဝေ ၊ ကင်းရွာမှ အသက် ၄၇ နှစ်အရွယ် ကိုစိုးလှိုင် ၊ အသက် ၂၂ နှစ်အရွယ် ကိုချစ်မျိုး ၊ အသက် ၁၇ နှစ်အရွယ် ကိုထက်မြတ် ၊ ညာတေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုအောင်ဇော်ဝင်း နှင့် ဒညင်းကုန်းရွာမှ အသက် ၃၀ နှစ်အရွယ် ကိုရဲကိုဦး တို့ဖြစ်ကြောင်း သိရှိရသည်။
“ဆည်ဘောင်ပေါ်မှာ နေထိုင်တော့ ငလျင်လှုပ်တဲ့ အရှိန်နဲ့ အကုန်ရေထဲကို ပါသွားတာလို့ သိရတယ်။ အခုလက်ရှိ အတည်ပြုနိုင်တာ ၈ ဦးပေါ့။ ၄ ဦးရဲ့ ရုပ်အလောင်းတွေတော့ ပြန်ရှာတွေ့ပြီး ၄ ဦးကိုတော့ ဆက်လက် ရှာဖွေနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – အင်အားပြင်း မြေငလျင်ကြောင့် မြစ်သားမြို့နယ်တွင် ပျက်စီးသွားသော လမ်းပိုင်းအားတွေ့ရစဉ်
