စလင်းနှင့် ရေဦး တို့တွင် စစ်တပ် အထိုင်ဂိတ်နှင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်ရွာတွင် အထိုင်ချပြီး၊ ဂိတ်ထိုင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် – Bamar Army မှ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့ ည ၈နာရီ ၃၀မိနစ်ခန့်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်ရွာ၌ အထိုင်ချ၍ ဂိတ်ထိုင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဗမာ့တပ်တော် နှင့် မြေပြင်မဟာမိတ်တပ်များ ပူပေါင်း၍ ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် မြေပြင်မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သော ဗမာ့တပ်တော် (BAMAR ARMY) ၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ SLN LPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေးဦးမြို့ ရေဦးကုန်းရပ်ကွက်ရှိ အမျိုးသား ဆန်စက်အနီး လှည့်ကင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရေဦးမြို့ ရေဦးကုန်းရပ်ကွက်ရှိ အမျိုးသားဆန်စက်အနီး၌ လှည့်ကင်းရန် ထွက်လာသောအကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း(ပကဖ)မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို မိုင်းဆွဲတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မှောင်နေတာမို့ စစ်ခွေး အင်အားမသိရပါဘူး။ မိုင်းက တစ်လုံးဆွဲခဲ့တယ်။ စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒီထက်ပိုမိုပြီး ထိရောက်တဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ အနီးဆုံး နေရာမှာ ရှိမနေစေဖို့ ပြောချင်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
