ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု စိုးဝင်းပြော
ရန်ကုန်၊ ဧပြီ ၆
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအထူးအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက် ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထား သည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်း” အကြမ်းဖက် စိုးဝင်းက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ပင်ကန့်သတ်နေပြီး အထူးသဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူများထံသို့ အကူအညီများ မရောက်ရှိစေရန် တားဆီးခြင်း၊ တိုက်ခိုက်မှုများ လုပ်ခြင်းများ ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ဧပြီလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
အကြမ်းဖက်စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေသည့် ငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်ရှိစေရန် ကန့်သတ်ပိတ်ပင်နေကြောင်း၊ ထို့ပြင် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုပေါင်း ၅၃ ခုကို လုပ် ဆောင်ခဲ့ကြောင်း၊ ယင်းတို့အနက်မှ စစ်တပ်၏ တိုက်ခိုက်မှုပေါင်း ၁၆ ခုမှာ ဧပြီလ ၂ ရက်နေ့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ကြေညာပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။
ပြည်တွင်းတွင်လည်း စစ်ကောင်စီ၏ တားဆီးမှုများ အပါဝင် လုံခြုံရေးစိုးရိမ်ရမှုများကြောင့် စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိခြင်းမရှိကြောင်း၊ ဒေသ ပရဟိတ နှင့် အလှူရှင်များသည် စစ်ကောင်စီထိန်းချုပ်ထားသော စစ်ကိုင်းမြို့ပေါ်တွင်သာ အကူအညီများ လာရောက် ပေး အပ်နေကြပြီး စစ်ကိုင်းမြို့ ပြင်ပ တော် လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဒေသများသို့ သွားရောက် လှူဒါန်းရန် စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။
အလားတူ ပဲခူးတိုင်းအတွင်းရှိ ထန်းတပင်၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဒေသများသို့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန်မှာ စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း သိရှိရသည်။
“ဒီတောင်ငူမြို့ပေါ်က အကျော်ဆိုရင် ကျနော်တို့ကို အသွားမခံဘူး။ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆားပါရင် သွားခွင့်မပေးဘူး။ မြို့ပေါ်မှာပဲ အလှူပစ္စည်းတွေ ထားခဲ့ရမယ်လို့ ပြောတယ်” ဟု ထန်းတပင်ရှိ ငလျင်ဘေးသင့်ပြည်သူများ ကူညေ ရန်သွားရောက်ခဲ့သည့် ပုဂ္ဂလိက အလှူရှင်အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
