ဘုတလင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ယနေ့ ညနေပိုင်း စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကုက္ကိုစုရွာနှင့် အုတ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရွာတွင် နေထိုင်သော ဦးအောင်ဇော်မင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်များ ပျက်စီးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အုတ်ကျင်းရွာဘက်ကို ကျဲတဲ့ အချိန်မှာ ကျေးရွာနေ ပြည်သူ ဦးအောင်ဇော်မင်း ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်။ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိထားရတယ်။ နေအိမ်တွေ ပျက်စီးတာရှိမရှိဆိုတော့ မသိရသေးဘူး။ ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒီအတိုင်းကို ကျဲချသွားတာ” ဟု ဘုတလင်မြို့ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
