စစ်ကိုင်းငလျင်သင့် မန္တလေးပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မတရားသိမ်းယူပြီး ၎င်းတို့၏ဆွေမျိုးအသိုင်းအ၀ိုင်းထံသို့ ပြန်လည်ဖြန့်ဝေ
ရန်ကုန်၊ ဧပြီ ၈
မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် အလှူရှင်များမှ လာရောက် လှူဒါန်းသည့် ပစ္စည်းများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သိမ်းဆည်းပြီး ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သော ဆွေမျိုးများထံသို့ ပြန်လည် ခွဲဝေပေးမှုများ ဖြစ်ပွားလျက်ရှိကြောင်း ငလျင်သင့်ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးမြို့ပေါ်ရှိ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ၎င်းဆွေမျိုးများက အလှူရှင်များ လာရောက်လှူဒါန်းသည့် မည်သည့် ပစ္စည်းမဆို ၎င်းတို့ကိုယ်တိုင် လက်ခံ သိမ်းဆည်းပြီး ပြည်သူများကို အနည်းငယ်သာ ခွဲဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် ၄ ရပ်ကွက်တွင် ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျသူများကို အထက ခွဲ ၃ ကျောင်း ( ဇ ကျောင်း) ၌ ယာယီစခန်း ဖွင့်လှစ်ထားပေးပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက လှူဒါန်းသူများ ပိုမို လာရောက်ရန် ကျူးကျော် ရပ်ကွက်ထဲမှ ပြည်သူများကိုပါ ခေါ်ထားသောကြောင့် လက်ရှိချိန်တွင် လူဦးရေ ၃၀၀ ကျော်ထိရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
“အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ သူ့ဆွေမျိုးတွေ အိမ်ရှိ လူကုန်စာရင်းပေးထားပြီး ငါးခြောက် ပါရင် သူ့တို့ ဆွေမျိုးတွေအရင်ပေးတာပါ။ ကျန်တာမှ တကယ် ဒုက္ခရောက်တဲ့ သူတွေရတာ နောက်ပြီး အလှူရှင်တွေ များများလာအောင် ကျူးကျော် ထဲကလူတွေပါ။ လက်ခံထားတယ်။ ဆန်အိတ်တွေလာလှူရင် သူ့ရုံးခန်းထဲ အကုန်ထည့်ပြီး သော့ခတ်ထားတာ သူတို့ ပညာရေး၀န်ထမ်းတွေနဲ့ အကြီးတွေဘဲ ခွဲယူကြတာပါ။ တချို့ဆို မနက်မှ ဝေတာတွေ ယူပြီးတာနဲ့ အထုပ်ကြီး အထုပ်ငယ်သယ်ပြီး အိုးဝေတွေနဲ့ ဆိုင်ကယ်တွေနဲ့တင်ပြီး ညနေဆို ပြန်သွားကြတယ်။ အများစု သူတို့အကြီးတွေရဲ့ဆွေမျိုးသားချင်းတွေများပါတယ်။ တကယ် ဒုက္ခရောက်သူက ၅၀ လောက်ပဲရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်တွင်လည်း ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူ ၅၀၀ ကျော်ခန့်ရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူဦးရေ ၁၈၀ ကျော်၏ စာရင်းများကောက်ယူပြီး အိမ်ထောင်စုခွဲထားသူများကို မပေးဘဲ ပိုသည့် ပစ္စည်း အားလုံးကို သိမ်းယူနေကြောင်း သိရသည်။
“စိန်ပန်းရပ်ကွက်မှာ လူဦးရေ ၅၀၀ ကျော်ရှိတာကို ဒုက္ခ ရောက်နေတဲ့ သူတွေချည်ပဲလာနေကြရတာကို လူများ တယ်ဆိုပြီး ၁၈၀ ကျော်ကိုပဲ စာရင်းကောက်တယ်။ အမှန်တကယ် အိမ်ထောင်စု စာရင်း ရှိပြီး အိမ်ထောင်စုခွဲထားတဲ့သူတွေကျ ဖယ်ထားခဲ့တာ ထမင်းဗူးကို မိသားစု ၅ ဦးရှိတဲ့သူက စာရင်းကောက်လို့ နံပါတ် ပြားရခဲ့ရင် တဗူးကို လူ ၅ ဦးခွဲစားနေရတယ်။ အလှူရှင်တွေကပေးရတာပါ။ ဘာလို့ စိတ်ဓာတ်အောက်တန်းကျရတာလည်းတော့ မသိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းငလျင်သင့် ပြည်သူများကို ထိရောက်သော ကူညီမှုများ လုပ် ဆောင်ပေးခြင်းမရှိကြောင်း ငလျင်ဘေးသင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
