ကော့သောင်းတွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရား သိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရားသိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် မြို့ပြ ပြောက်ကျား(ဗိုလ်သမန်းကျား )မှ ဗိုလ်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ အုပ်စု၊ သောင်ဖြူဖြူ ကျေးရွာမှ မြင့်လွင်ဦးကို ကော့သောင်းမြို့နယ်မှ Local pdf ဖြစ်သည့် ပျံလွှားတပ်ဖွဲ့ နှင့် မြို့ပြ ပြောက်ကျား(ဗိုလ်သမန်းကျား )တို့က နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ မြင့်လွင်ဦးသည် ပြည်သူပိုင် ဥယာဉ်၊ခြံမြေ များကို စစ်တပ်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းပြီး အဓမ္မသိမ်း ယူကာ ပြည်သူများကို နည်းမျိုးစုံ ဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း၊ ၎င်းကို အကြိမ်ကြိမ် သတိပေးသော် လည်း မြေသိမ်းမှုများ ဆက်လက်လုပ်ကိုင်နေသဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်လွင်ဦးသည် ပြည်သူပိုင် အိမ်ခြံမြေများကို မတရားသိမ်းယူ၍ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေး အဓိက လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ၎င်းကို ပစ်ခတ် ရှင်းလင်းစဉ် ၎င်းနေထိုင်ရာနေအိမ်မှ မတရားသိမ်းဆည်းထားသော မြေကွက်စာချုပ်များ၊ ဘဏ်စာအုပ် ၄ အုပ်၊လက်ကိုင်ဖုန်း ၂ လုံး၊ငွေသား ဘတ်၄၀၀၀နှင့်မြန်မာငွေသိန်း၂၀ တိတိ၊ ဆက်သွယ်ရန် စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“ဝင်ရောက် ရှင်းလင်းပစ်ခတ်ချိန်မှာ အချိန်မရလိုက်လို့ မှတ်တမ်း မယူနိုင်ခဲ့ပါဘူး” ဟု ကော့သောင်းမြို့နယ် မြို့ပြ ပြောက် ကျား(ဗိုလ်သမန်းကျား )မှ ဗိုလ်သမန်းကျားက ရှင်းလင်းပြောဆိုသည်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ အုပ်စု၊ သောင်ဖြူဖြူ ကျေးရွာမှ ပြည်သူတချို့ကမူ မြင့်လွင်ဦးသည် စစ်တပ်အတွက် အမှန်တကယ် အလုပ်လုပ်နေသူဖြစ်ကြောင်း အတည်ပြု ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာန အနေဖြင့် မြေပြင်အခြေအနေကို သွားရောက် အတည်ပြုနိုင်ခြင်းမရှိပေ။

