နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကိုရင်ငယ် ၁ ပါးနှင့် သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ပျက်စီး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရေလည်ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကိုရင်ငယ် ၁ ပါးနှင့် သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး ဘုန်း ကြီးကျောင်း ပျက်စီးပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ကျွန်းဒေါင့်ရွာ ရေလည်ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရေလည်ဘုန်းတော်ကြီးမှ သက်တော် ၅၄ နှစ် အရွယ် ဥူးသဲဝရ အသက်အန္တရာယ် စိုးရိမ်ရပြီး အသက် ၇ နှစ်အရွယ် ကိုရင်ငယ် ၁ ပါး နှင့် ကျောင်းဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အမျိုးသား ၁ ဦးတို့ ပြင်းထန်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
“ညနေ ၆ နာရီ ဝန်းကျင်လောက်က ဘုန်းကြီး ၁ ပါးရယ်၊ အသက် ၇ နှစ်အရွယ် ကိုရင်လေး ၁ ပါးရယ်၊ သင်္ကြန်တွင်း ကာလဆိုတော့ ဘုန်းကြီးကျောင်း ဝေယျာ ဝစ္စ လုပ်ပေးဖို့ဆိုပြီးတော့ သွားတဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးရယ် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရတယ်။ အဲမှာ ဘုန်းကြီးကတော့ အများဆုံးပေါ့ဗျာ ဘုန်းကြီးကျောင်းကတော့ မီးလောင်ပြာကျသွားတယ်။ ဘုန်းကြီး ၁ ပါးကတော့ ဒဏ်ရာက တော်တော်ပြင်းထန်တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။


