27 C
Yangon

မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာတွင် နေထိုင်သော လက်နက်ကိုင် ပျူစောထီး ထွန်းထွန်းဝင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တော်လှန်ရေးရဲဘော်များက ၄င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ထွန်းထွန်းဝင်း သည် နေအိမ် နောက်ဘက်မှ ခုန်ချထွက်ပြေးသွားပြီး တော်လှန်ရေး ရဲဘော်များကို အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ကာ ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူက လက်ပစ်ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြုလုပ်စဉ် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ထွန်းထွန်းဝင်း နှင့် ဇနီးဖြစ်သူ စာဥ သည် ပျူစောထီး သင်တန်းဆင်းများ ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များကို အကြမ်းဖက် စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ထို့ပြင် စစ်တပ်ကို မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။

“ပျူစောထီး ထွန်းထွန်းဝင်း က သူ့အိမ်ထဲကို ဝင်လာတဲ့ ကျွန်တော်တို့ ရဲဘော်တွေကို မြင်ရော နောက်ဖေးပေါက်ကနေထွက်ပြေးတယ်။ အိမ်နောက်ဖေးရောက်တော့ သစ်ပင်အကွယ်ကနေ စစ်ခွေးတွေပေးထားတဲ့ သေနတ်နဲ့ ကျွန်တော်တို့ရဲဘော်တွေကို ပြန်ပစ်ပြီး ထွက်ပြေးပါတယ်။ ထွန်းထွန်းဝင်းမိန်းမကလည်း ကျွန်တော်တို့ရဲဘော်တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ဖို့ စနက်တံဖြုတ်ဖို့လုပ်နေတာမြင်လို့ သေနတ်နဲ့ ခေါင်းကို ၃ ချက်ပစ်ပြီး ရှင်းလိုက်ပါတယ်။ အရင်က သူတို့လင်မယားတွေက စစ်ခွေး သတင်းပေးလုပ်လို့ တခြား PDF အဖွဲ့က သတိပေးဖမ်းဆီးပြီး ပြန်လွတ်ပေးထားတာ အခု နောက်ပိုင်းကြ သာမန်ပြည်သူတွေကိုပါ မမှန်သတင်းပေးပြီး စစ်ခွေးတွေကို ဖမ်းဆီးခိုင်းနေတာတွေ ထပ်လုပ်လာတဲ့အပြင် PDF သတင်းတွေ စစ်ခွေးဆီ စုံစမ်းပို့ဆောင်လာလို့ ဆက်ထားရင် အားလုံးအတွက် ဒုက္ခပေးမှာမို့ အရေးယူရတာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့ အနီး သွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article