တောင်ကြီးမြို့တွင် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့တွင် တောင်ကြီးမြို့၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် စစ်ကောင်စီ တပ်သားများ နှိပ်စက်ညှင်းပန်းမှုကို မခံနိုင်၍ သေနတ် ၁ လက် ယူဆောင်လာကာ PNLA ထံ ထွက်ပြေး အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဲဒီ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဧပြီလ ၇ ရက်နေ့မှာ လက်နက်နဲ့ အတူ ရောက်ရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူသွားချင်တဲ့နေရာကို ကျွန်တော်တို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ သူက တောင်ကြီးမြို့မှာပဲ ပေါ်တာအဆွဲခံရတာပေါ့။ စစ်ကောင်စီက ပေါ်တာဆွဲသွားတယ်။ နောက်တော့ စစ်ကောင်စီက PNO ကို ပေးလိုက်တယ်ပေါ့။ PNO နဲ့ သင်တန်း တက်ခိုင်းတယ်ပေါ့။ ပြီးတော့မှ ရှေ့တန်းတက်ရတယ်ပေါ့။ ရှေ့တန်းမှာ စစ်ကောင်စီတွေနဲ့ အတူတူ တက်ရတယ်။ ပြီးတော့ အနှိပ်စက်ခံရတယ်။ အဲဒီမှာ သူကနှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးလာတာလို့ပြောပါတယ်။ သူထွက်ဆိုအချက်အရဆိုရင်တော့ ပင်လောင်းမှာ စစ်မှုထမ်းသင်တန်းတက်တယ်။ ပြီးတော့မှ PNO ထဲကို ရောက်သွားတယ်လို့ပြောပါတယ်။ PNO ထဲကို ရောက်တာ တစ်နှစ်ကျော်ပြီလို့ပြောပါတယ်။ PNO ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီး ချုပ် ခရိုနီနေဝင်းထွန်းရဲ့ တပ်ထဲမှာလို့ သူပြောတာပေါ့” ဟု PNLA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
