အသက် ၈၀ အရွယ် မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်းက ထပ်မံတောင်းဆို
အသက် ၈၀ အရွယ် မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်းက ထပ်မံတောင်းဆိုသည်။
ယနေ့ ဧပြီလ ၂၀ ရက်နေ့ အမေရိကန်ခရီးစဉ် အဆုံးသတ်စဉ် ၎င်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်ဘေး၊ သဘာ၀ဘေးဒဏ် ခံနေရသော မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ရရှိရေး ဆွေးနွေးတောင်းဆိုရန် အမေရိကန်ပြည်ထောင်စု ၈ မြို့နယ်သို့ ကိုထိန်လင်းက သွားရောက်ခဲ့သည်။
“မေမေ့ကို ထောင်ထဲမှာ အသံတိတ် ဒုက္ခခံမနေစေချင်ပါဘူး။ မေမေဟာ ဂုဏ်သိက္ခာရှိရှီ ဆက်ဆံခံရထိုက်ပါတယယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးလည်း အတူတူပါပဲ”ဟု ကိုထိန်လင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သင့်တော်သည့် ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှုမရရှိဘဲ ပြင်ပနှင့် ဆက်သွယ်ရေး ဖြတ်တောက်ကာ အထီးကျန် ချုပ်နှောင်ခံနေရဆဲ မိခင်ကြီးအတွက် စိုးရိမ်ကြောင်း၊ စစ်တပ် မတရား ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ကို လွှတ်ပေးရန် အရေးကြီးကြောင်း အမေရိကန်ခရီးစဉ်အတွင်း ထပ်တလဲလဲ တောင်းဆိုခဲ့သည်။
“ကျနော်က နိုင်ငံရေးသမားမဟုတ်ပေမယ့် မေမေ့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ မြန်မာပြည်သူလူထု လွတ်မြောက်ရေးအတွက် ကျနော် ဆက်ပြီး တိုက်တွန်းတောင်းဆိုနေပါတယ်။ မေမေ့သားတစ်ဦးအနေနဲ့ မအောင်မြင်မချင်း ကျနော်ရပ်မှာ မဟုတ်ပါဘူး” ဟု ကိုထိန်လင်းက ဆိုသည်။
ကိုထိန်လင်းက အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများကို ပိုမို ပိတ်ဆို့အရေးယူရန်၊ စစ်အာဏာရှင်များအား လက်နက်ထောက်ပံ့နေသော နိုင်ငံများကို ဖိအားပေးရန်၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီလမ်းကြောင်းများကို ပံ့ပိုးရန်၊ လွတ်လပ်သော မီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ကာကွယ်ထောက်ပံ့ရန် တောင်းဆိုထားသည်။
“မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးအန္တရာယ် ကျနေတဲ့ နေရာတွေထဲက တစ်ခုပါ။ ဒါပေမယ့် တော်တော်များများက ဒီအချက်ကို မျက်ကွယ်ပြုထားဆဲပါ” ဟု ကိုထိန်လင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းသည် အမေရိကန်ခရီးစဉ်တွင် အမေရိကန်လွှတ်တော်အမတ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အမေရိကန်ရောက် မြန်မာများ၊ ဒီမိုကရေစီထောက်ခံသူ ၅၀၀၀ ကျော်နှင့်လည်း တွေ့ဆုံခဲ့သည်။
အမေရိကန်ခရီးစဉ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကိုင်းငလျင်ကြောင့် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသူများကို အရေးကြီးသော အကူအညီများ ပေးအပ်သည့်နေရာတွင် အသုံးပြုမည့်အပြင် မြန်မာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ဒီမိုကရေစီ ကြိုးပမ်းမှုများကို ရှေ့တန်းမှ ဦးဆောင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရှိရသည်။
