26 C
Yangon

ရေစကြိုမြို့နယ်၊ ဗာလဘကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်

Must read

ရေစကြိုမြို့နယ်၊ ဗာလဘကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘ ကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာရှိ ပြည်သူပိုင် နေအိမ် များကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၄ စီးသည် ခလရ ၂၅၈ တပ်ရင်း သို့ သွားရာ လမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“သေဆုံးထိခိုက်မှုကတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ကားက ၄ စီး လုံး တောက်လျှောက်မောင်းပြေးသွားတဲ့အတွက်ပါ။ ကားက ၄ စီးအလုံးနဲ့ဆိုတော့၊ အင်အားကတော့ ၁၅၀ ၊ ၂၀၀ လောက်တော့ပါနိုင်တယ်။ ဗလဘကျေးရွာကို မီးရှို့ပြီး ခလရ ၂၅၈ တပ်ထဲကို ပြန်ပို့တဲ့ အချိန်မှာ မိုင်းဆွဲခဲ့တာ မိုင်းကတော့ ၃ လုံးဆွဲခဲ့တာ ကားက ခဏရပ်သွားတယ်။ ပြီးတော့ တန်းမောင်းသွားတာ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်ကို မီးရှို့ပြီး ပြန်လာတဲ့စခတွေကို ခွေး ကင်းပုန်းတွေကြားထဲကနေ မရမက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နောက်နောင်လည်း ဒီထက်ပိုတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့သည့် မိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီမှ အသုံးပြုသော ဟောင်ဝှစ်ဇာ ကျည် ၁၂၀ မမ ၊ ၈၀ မမ စသည့် မပေါက်ကွဲသေးသော လက်နက်ကြီးများတွင် အသုံးပြုထားသော ပြင်းအားမြင့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article