မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပျူစောထီး ကျေးရွာများတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၈၀ ကျဲချ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Rocket Fighter အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လပြည့် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ တို့တွင် ပခုက္ကူမြို့နယ်ရှိ အနောက်မကျည်းကန် ပျူစောထီးရွာ နှင့် အောင်သာ ပျူစောထီးရွာတို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ (ဧရာဒေါင်း) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ရွာ ၂ ရွာပေါင်းက စစ်ကောင်စီ တပ်သား အင်အား ၅၀၀ လောက်ရှိပါတယ်။ ၉ နာရီအချိန်ကစပြီး ပွဲစတာပါ။ ဒရုန်း ၂ စီး၊ Fixwin ၄ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၁၅ ကောင်လောက် ထိတယ်။ ၁၀ ကောင် သေဆုံးပြီး ၅ ကောင် ထိခိုက်ဒဏ်ရာရပါတယ်။ စစ်ခွေးဘက်က ပြန်လည်ပစ်ခတ်တာတွေရှိပါတယ်။ ထိခိုက်ပျက်စီးမှူတွေကတော့ အိမ်တွေမီးလောင်တယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ကုန်ဆုံးသွားတဲ့ Drop Bome သီးအလုံး ၅၀ လောက်နဲ့ ၆၀ မမ အလုံး ၃၀ ကုန်ဆုံးသွားပါတယ်” ဟု Rocket Fighter အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လပြည့်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မူကို ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက် ပ.က.ဖ B L Y ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) ဒရုန်းတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၇)၊ NPDFယင်းမာပင်တပ်ဖွဲ့ ၊ B21တပ်ဖွဲ့ ၊ KingfighterRC ပလိန်းတပ်ဖွဲ့ ၊ဗျူဟာ (၄၇) ဒရုန်းတပ်ဖွဲ့ ၊SPECLALFORCES-၁၁ တပ်ဖွဲ့၊ Rocket fighter တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
