မော်လမြိုင်မြို့တွင် ပြည်သူများ၏နေအိမ် ၆၀၀ ကို ဖျက်သိမ်းပြီး လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို စစ်ကောင်စီက အကောင်အထည်ဖော်၊ မွန်ဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးတို့က ရှယ်ယာများရရှိ
ရန်ကုန်၊ ဧပြီ ၃၀
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် ပြည်သူများ၏နေအိမ် ၆၀၀ ကို ဖျက်သိမ်းခိုင်းပြီး လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို စစ်ကောင်စီက အကောင်အထည်ဖော်နေပြီး ယင်းစီမံကိန်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့ ရှယ်ယာများရရှိထားကြောင်း မော်လမြိုင်အခြေစိုက် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ နေအိမ် ၆၀၀ ခန့်ကို စစ်တပ်က ကျူးကျော်နေအိမ်များဟုဆိုကာ တောက်လျှောက် ဖယ်ရှားခိုင်းပြီးနောက် လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ တစ်ဖက်တွင် ပြည်သူများ၏နေအိမ်များကို အတင်းအဓမ္မ ဖျက်သိမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း လှိုင်ရတနာ မြို့ကွက်သစ်စီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခု ဧပြီလ ၂၆ ရက်နေ့တွင် ပြည်သူများ၏ နေအိမ် ၆၀၀ ခန့်မှ လျှပ်စစ် မီတာပုံများကို စစ်ကောင်စီက လာရောက်ဖြုတ်သွားကြောင်း၊ ယနေ့ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ကိုယ့်အိမ်ကိုယ်ဖျက်သိမ်းရန် စာပို့ထားပြီး မလိုက်နာပါက အရေးယူမည်ဟု ခြိမ်းခြောက်စာပို့ထားကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
“ကိုယ့်ဘာသာ ကိုယ်ဖျက်ရင် ဖျက်၊ မဖျက်ရင် မြေတူးစက်နဲ့ ကလော်မယ်လို့ ခြိမ်းခြောက်တော့ ကြောက်လို့ ဖျက်ကြတယ်။ အခု နေစရာမရှိလို့ ငိုနေ ယိုနေကြတယ်။ အခုချိန် တရားဥပဒေမကောင်းတာကို အခွင့်ကောင်းယူပြီး ခရိုနီတွေ ၊ ဝန်ကြီးချုပ်တွေ ၊ နယ်လုံဝန်ကြီး လုပ်သမျှ ပြားပြားဝပ်ခံနေရတဲ့ လူတန်းစားတွေ ဖြစ်နေပြီ။ အခု အိမ်ခြေ ၆၀၀ က လူတွေက အဲဒီနေရာမှာ နှစ်ပေါင်း ၃၀ ၊ ၄၀ နီးပါး နေလာတဲ့လူတွေ ချည်းပဲ။ လယ်မြေအမျိုးအစားပါ။ သူတို့က လူတွေကို ဖယ်ခိုင်းပြီး လယ်မြေနေရာတွေကို ဖြေဖို့ပြီး ရောင်းစားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မြေနေရာရှိ ပြည်သူပိုင်နေအိမ်များကို ဖျက်သိမ်းရန် ယခင်ကလည်း ခြိမ်းခြောက်စာ ၂ ကြိမ်ခန့် ပို့ထားပြီး ယခုအကြိမ်သည် ၃ ကြိမ်မြောက်ဖြစ်ကြောင်း၊ ယခင် NLD အစိုးရလက်ထက်ကလည်း မော်လမြိုင်မြို့ရှိ ပြည်သူပိုင်မြေနေရာများကို ခရိုနီ မိုးကျော်(ငွေမိုးဆေးရုံနှင့်ဟိုတယ်) နှင့် အစိုးရအဖွဲ့ရုံးပူးပေါင်း၍ မြေဖြို့ ရောင်းစားရန် လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုစစ်အာဏာသိမ်းချိန်တွင် ယင်းစီမံကိန်းကို အတင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့တွင် လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို မော်လမြိုင် အခြေစိုက် ခရိုနီစီးပွားရေးသမား မိုးကျော်က ဦးဆောင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး မိုးကျော် (ငွေမိုး) က ၄၀ ရာခိုင်နှုန်း နှင့် မွန်ပြည်နယ်စစ်ကောင်စီက ၆၀ ရာ ခိုင်နှုန်း ရှယ်ယာပါဝင်ကြောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့ကလည်း ရှယ်ယာများ ရရှိကြောင်း သိရှိရသည်။
“စီမံကိန်းက လယ်သမားတွေပိုင်တဲ့ လယ်မြေတွေပေါ်မှာ လုပ်တယ်။ လယ်သမားတွေကိုနစ်နာကြေး ခေါ်ယူတွေ့ဆုံချင်းမရှိဘဲ မြို့ကွက်သစ်စီမံကိန်းကို ပြည်နယ်အစိုးရအဖွဲ့နဲ ခရိုနီတစ်သိုက်က လုပ်ကြတာ။ လယ်သမားတွေမှာက ဒီမြေကွက်တွေက သူတို့မြေတွေဖြစ်တယ်ဆိုတာလည်း ပြနိုင်ကြတယ်” ဟု မော်လမြိုင်မြို့မှ မြေယာအရေးလှုပ်ရှားသူတစ်ဦးက ရှင်းပြသည်။


