ညောင်ဦးမြို့နယ် အိုရင်းကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး လူငယ် ၁၃ ဦးကို ဖမ်းဆီးသွား
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အိုရင်းကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး လူငယ် ၁၃ ဦးကို ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုး မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်း ညောင်ဦးမြို့နယ်၊ အိုရင်းကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းမှ လူငယ် ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ပြီး တံတားကျေးရွာဘက်သို့ စစ်ကြောင်း ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
“စစ်တပ် စစ်ကြောင်းက အင်အား ၅၀ ပါတယ်။ သူတို့က ဖလန်ကန်ရွာဘက်ကနေ အိုရင်းကျေးရွာကိုဦးတည်ပြီး ဝင်လာတာ။ လူတွေကို ဖမ်းပြီးတော့ တံတားကျေးရွာဘက်ကို ပြန်ထွက်သွားကြတယ်။ ကျနော့်ယောက်ဖ ပါသွားတယ်” ဟု ဖမ်းဆီးခံရသောလူငယ်၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်ပြတ်တောက်ပြီး မည်သည့်အတွက် လူငယ် ၁၃ ဦးကို ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်း၊ မိသားစုဝင်များမှာ ဖမ်းဆီးခံရသူများအတွက် စိုးရိမ်နေကြကြောင်း ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများက ပြောဆိုကြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်လာနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှုခံရသော ပြည်သူတချို့ ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- APM။
