ပြည်သူ့နှလုံးကို မသိမ်းကြုံးနိုင်သော တော်လှန်ရေးသည် စစ်မှန်သော တော်လှန်ရေးအောင်ပွဲကို ရရှိမည်မဟုတ်ဘဲ သေနတ်ပြောင်းဝ လှည့်ရမည်ဘက်ကို ပြည်သူကသာ ဆုံးဖြတ်တာဖြစ်ဟု ယာယီသမ္မ ဒူဝါလရှီးလ ပြောဆို
ရန်ကုန်၊ မေ ၅
ပြည်သူ့နှလုံးကို မသိမ်းကြုံးနိုင်သော တော်လှန်ရေးသည် စစ်မှန်သော တော်လှန်ရေးအောင်ပွဲကို ရရှိမည်မဟုတ်ဘဲ သေနတ်ပြောင်းဝ လှည့်ရမည်ဘက်ကို ပြည်သူကသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ယာယီသမ္မ ဒူဝါလရှီးလ က ပြောဆိုလိုက်သည်။
ယနေ့ မေလ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား၌ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မ ဒူဝါလရှီးလက ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ အရေးတော်ပုံ တပ်သားတွေ ကိုင်စွဲထားတဲ့ သေနတ်ပြောင်းဝဟာ ဘယ်သူ့ဘက်ကို လှည့်ရမလဲဆိုတာကို ပြည်သူသာ ဆုံးဖြတ်တာဖြစ်ပါတယ်။ ပြည်သူဟာ သေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို ဆင်ခြင်သူဖြစ်တယ်ဆိုတာ မမေ့ကျဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ ပြည်သူလမ်းညွှန်မှုကို ခံယူတဲ့ လူထုတော်လှန်ရေး တပ်မတော်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ တော်လှန်ရေး အခြေခံသဘောထား ဖြစ်ပါတယ်။ ပြည်သူ့ နှလုံးကို မသိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးဟာစစ်မှန်တဲ့ တော်လှန်ရေးအောင်ပွဲကို မရနိုင်ဘူးဆိုတာ ကျနော်တို့ ပြည်သူ့တော်လှန်ရေး တပ်မတော်သားတွေ အားလုံး နှလုံးသွင်းထားကျဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မ ဒူဝါလရှီးလ က ပြောဆိုခဲ့သည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ ဖြစ်တည်မှုကိုလည်း လေးနက်စွာ နားလည်သဘောပေါက်ကျမည် ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော်သည် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် အလျှောက် လက်နက်နှင့် ပတ်သက်ပြီး လေးနက်သော ခံယူချက် ယုံကြည်ချက် မရှိပါက တိုင်းပြည်နှင့် ပြည်သူ့ အတွက် အန္တရာယ်များသော အဖွဲ့အစည်း ဖြစ်သွားတတ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်နှင့် လူထုလမ်းစဉ် ယှဉ်တွဲနေခြင်းကြောင့် ခိုင်မာသော အမြင်တစ်ရပ်ကို လေးနက်စွာ ခံယူထားရေးကိုပြောဆိုခြင်းဖြစ်ကြောင်း မိန့်ခွန်းတွင် ပါရှိသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အခြေခံမူသည် ပြည်သူကို ကာကွယ်ရန်သာဖြစ်ပြီး ပြည်သူကို ရန်ပြုရန် မဟုတ်သည့်အတွက် လေးလေးနက်နက် ခံယူထားရန် ဖြစ်ကြောင်း၊ ရန်သူကို မီး လိုကျင့်ပြီး ပြည်သူအပေါ် ရေ လိုကျင့်ဖို့ လိုအပ်ပြီး ရန်သူ အပေါ် နေ လိုကျင့်ပြီး ပြည်သူ အပေါ် လ လို ကျင့်ဖို့လိုအပ်ကြောင်း ယာယီသမ္မ ဒူဝါလရှီးလ က ထပ်မံ ပြောဆိုသည်။
တော်လှန်ရေး ခရီးတွင် မည်သို့သော နည်းနာ အပြောင်းအလဲချဉ်းကပ်မှု အလှည့်အပြောင်းတွေကို အသုံးပြုရသည်ဖြစ်စေ မူလပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မလျော့တမ်း တော်လှန်သွားမည်ဖြစ်ကြောင်း ယာယီသမ္မ ဒူဝါလရှီးလ က မိန့်ခွန်း အဆုံးသတ်တွင် ပြောဆိုခဲ့သည်။
