ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးလက်ဆေးပေးခန်းကို လာရောက် ဖျက်ဆီးသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာထိပ်ရှိ ပုဇွန်မြောင်းကျေးလက်ဆေးပေးခန်းကို လာရောက် ဖျက်ဆီးသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာထိပ်ရှိ ပုဇွန်မြောင်းကျေးလက်ဆေးပေးခန်းအဆောက်အဦးကို လာရောက် ဖျက်ဆီး ခိုးယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Fire Dragon တပ်ဖွဲ့မှ ရဲဘော်များ နှင့် KNLA တပ်ရင်း ၇ ရဲဘော်များက ဝင်ရာက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲဒီ ဆေးခန်းက သူတို့ တာပြတ် ဂိတ်စခန်းနဲ့ နီးနီးလေး အဲဒီမှာ သူတို့က ခိုးပြီးတော့ လာဖျက်တယ်။ ကင်းပုန်ချတယ်ဆိုတော့ ခန့်မှန်းအင်အားကတော့ ၁၅ ယောက်နဲ့ ၂၅ ယောက်ကြားမှာတော့ ရှိမယ်ထင်တယ်။ သူတို့တွေအဲဒီလိုမျိုးခိုးယူတာလည်း ရွာလုံးကျွတ် နီးပါးလည်း ကုန်နေပြီပေါ့။ ခိုးယူပြီးတဲ့ အိမ်တွေကိုလည်းမီးရှို့သွားတာ မနည်းကုန်နေပြီ ခိုးယူရောင်းစား အဲဒါကို ဝယ်နေတဲ့ ညောင်လေးပင်ကလူတွေကိုလည်း သတိထားကြပါ။ အဲဒီလောက်လေးပြောချင်ပါတယ်။ ပြည်သူလူထု ချွေးနဲ့ သွေးနဲ့ဆောက်ခဲ့တဲ့ အဆောက်အဦးတွေကို အဲဒီဟာ တွေကိုသူတို့က တစ်ဆင့် လက်ခံပြန်ယူပြီးတော့ စီးပွားရှာ အမြတ်ထုတ်နေတဲ့ အိမ်ပွဲစား၊ ခြံပွဲစား သစ်ပွဲစား တွေပေါ့။ အိမ်ဟောင်း အရောင်းအဝယ်သမားတွေ ခပ်ကြပ်ကြပ်သတိထားကြပါ” ဟု Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
