31 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအမတ် ဂျူလီဘစ်ရှော့ပ်ကို မြန်မာအရပ်ဘက်အဖွဲ့ ၄ ဖွဲ့က ကုလသမဂ္ဂ အတွင်းရေး စစ်ဆေးရေးရုံးထံ တိုင်ကြား

Must read

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအမတ် ဂျူလီဘစ်ရှော့ပ်ကို မြန်မာအရပ်ဘက်အဖွဲ့ ၄ ဖွဲ့က ကုလသမဂ္ဂ အတွင်းရေး စစ်ဆေးရေးရုံးထံ တိုင်ကြား

ရန်ကုန်၊ မေ ၁၀

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံအမတ် ဂျူလီဘစ်ရှော့ပ်၏ စီးပွားရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စစ်ဆေးပေးရန် ကုလသမဂ္ဂ အတွင်းရေးစစ်ဆေးရေးရုံး Office of Internal Oversight Services (OIOS) ထံ မြန်မာအရပ်ဘက်အဖွဲ့ ၄ ဖွဲ့က တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုကို မြန်မာအရပ်ဘက်အဖွဲ့ ၄ ဖွဲ့ဖြစ်သည့် Blood Money Campaign – သွေးစွန်းငွေဖြတ်တောက်ရေး၊ Defend Myanmar Democracy၊ Karen Peace Support Network နှင့် Progressive Voice တို့က Julie Bishop ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အမြန်ဆုံးစစ်ဆေးရန် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂ အတွင်းရေးစစ်ဆေးရေးရုံး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြန်မာ ပြည်သူလူထံ ထုတ်ပြန်ပေးရန် မြန်မာအရပ်ဘက်အဖွဲ့ ၄ ဖွဲ့က တောင်းဆိုထားပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် မြန်မာနှင့် ဆက်နွယ်နေသည့် တရုတ်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသောကြောင့် အကျိုးစီးပွားပဋိပက္ခများ ရှိမရှိ ကုလသမဂ္ဂအနေဖြင့် စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က လည်း ပြီးခဲ့တဲ့ မတ်လတွင် တိုက်တွန်းထားသည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ကုလအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ပတ်သက် ဆက်နွယ်နေပြီး ETM ကုမ္ပဏီအတွက် မဟာဗျူဟာ အကြံပေး အဖြစ်လည်း ခန့်အပ်ခံထားရကြောင်း၊ ဂျူလီဘိရှော့အနေနဲ့ ယခုကဲ့သို့ ခန့်အပ်ခံရမှုသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ဆက်နွယ်နေသော ဂရင်းလန်းဒေသ ယူရေနီယမ်နှင့် မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအတွက် အကြံပေးရန် ဖြစ်ကြောင်း JFM က ထုတ်ပြန်ထားသည်။

သတ္တုတူးဖော်ရေးကဏ္ဍတွင် ဂျူလီဘိရှော့၏ ပါဝင်ပတ်သက်မှု တရုတ်ကုမ္ပဏီများနှင့် ဆက်နွယ်နေမှုများသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာနိုင်ရန်၊ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ETM ကုမ္ပဏီ၏ အကျိုးတူ စီးပွားရေး ပူးပေါင်း မိတ်ဖက်များသည် မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုများရှိပြီး မြေရှားသတ္တု တူးဖော်၊ သန့်စင်ချက်လုပ်၊ ရောင်းချသူ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shenghe Resources ကော်ပိုရိတ်၏ ထုတ်ပြန်ချက်များတွင် မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို ရယူနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် Shenghe Resources နှင့် နောက်ထပ် အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ China Communications Construction Company (CCCC) ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင် အသက်ဝင်နေဆဲဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများနှင့် ဆက်နွယ်နေကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိ အာဏာသိမ်းစစ်တပ်ကို အကြီးဆုံး စစ်လက်နက်ရောင်းချသည့် နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကောင်စီကိုလည်း အားပေးထောက်ခံလျက်ရှိကြောင်း၊ မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍအပါအဝင် အရေးပါသော အခွန်ဝင်ငွေရင်းမြစ်များကိုလည်း ပေးအပ်နေကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီရိုဂူတာရက်စ့်အနေဖြင့် ဂျူလီဘိရှော့၏ စီးပွါးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အကျိုးစီးပွါးပဋိပက္ခများကို စုံစမ်းစစ်ဆေးမှုတစ်ရပ် မဖြစ်မနေ လုပ်ဆောင်ပေးဖို့ Justice For Myanmar က တောင်းဆိုထားပြီး ဂျူလီဘိရှော့ကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလတွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article