25.9 C
Yangon

ဒီပဲယင်းစာသင်ကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမှု မျက်မြင်ကွင်းဆင်းခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတာက အနေအထား၊ ပတ်ဝန်းကျင်ကို ကျွမ်းကျင်သူတွေ သုံးသပ်လို့ရတယ်။ ပစ္စည်း သက်သေ၊ လူသက်သေ များစွာရှိတယ်။ ကျမတို့ အညာက လူတွေက ကိုယ့်သားသမီးကိုယ် စတေးပြီးတော့ လိမ်ညာလောက်အောင် အောက်တန်းဘယ်သူမှ မကျဘူး”

By ရန်ကုန်ခေတ်သစ်

ဒီပဲယင်းစာသင်ကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမှု မျက်မြင်ကွင်းဆင်းခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း မေလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ရသည်။ အဆိုပါဗုံးကျဲမှု ဖြစ်စဉ်ကို ကိုယ်တိုင် မြေပြင်ကွင်းဆင်း သွားရောက်လေ့လာခဲ့သူ CDM ကထိက ဒေါ်ရတီအုန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ မင်္ဂလာပါ ဆရာမ။ အရင်ဆုံး အိုးထိမ်းကွင်းကျေးရွာမှာ ၁၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆရာမ ရောက်ရှိသွားတဲ့အခါ မြင်တွေ့ရတဲ့ အခြေအနေတွေ၊ ကြုံရတဲ့ဟာလေးတွေပေါ့ အဲဒါလေးတွေကို အရင်ဆုံးပထမဆုံး ရှင်းပြပေးလို့ရမလား ။

ဖြေ။ ။ အဲဒီသတင်းရရချင်းပဲ ဒုံးစိုင်းပြီးတော့ သွားတော့ ကျွန်မတို့က ဖြစ်ပြီးတော့ ၃ နာရီကြာလောက်မှ အဲဒီထဲကို ရောက်သွားတာ။ ရောက်သွားတော့ မြင်ရတွေ့ရတဲ့ ရှုခင်းက တအားကို စိတ်ဆင်းရဲစရာကောင်းတယ်။ စာသင်ဆောင်စုစုပေါင်း ၃ ဆောင်လောက်ပျက်စီးတယ်။ အခုသေဆုံးမှုအများဆုံးကတော့ Main အဆောက်အအုံပေါ့နော်။

အဲဒီအဆောက်အအုံက အကုန်လုံးအမိုးတွေ ပွင့်ထွက် တံခါးရွက်တွေလည်း အကုန်လုံး လှန်ပြန်ထွက်နေ ။ စာသင် ခုံတွေက အကုန်လုံး အပြင်ထုတ်ထားရတယ်။ ကလေးတွေရဲ့ အလောင်းတွေ ကောက်တဲ့အခါမှာ စာသင်ခုံတွေထဲမှာ ညှပ်နေတော့ ဘယ်လိုမှ ထုတ်မရတော့ စာသင်ခုံတွေကို အပြင်ထုတ်၊ ထုတ်ပြီးမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရော ဒဏ်ရာရတဲ့ လူတွေရော အဲဒီလိုလုပ်ရတယ်ဆိုတော့ ။ ဖိနပ်လေးတွေကလည်း ဟိုနားတစ်ဖက် ဒီနားတစ်ဖက် ကွန်ပါဘူးလေးတွေ ၊ လွယ်အိတ် ၊ စာအုပ် အဝတ်အထည်လေးတွေ ၊ သွေးစွန်းနေတဲ့ အဖြူအင်္ကျီလေးတွေပေါ့ အဲဒါတွေကလည်း တစ်ကျောင်းလုံးအနှံ့ ပွပလဲလို့ ။

ငိုယိုနေတဲ့ မိဘတွေကလည်း ကျောင်းဝန်းထဲမှာပဲ ။ နောက် ကိုယ့်အတန်းဖော် သူငယ်ချင်းက ကွယ်လွန်တဲ့အထဲ ပါသွားတာပေါ့။ ပါသွားတော့ သူတို့က အဲဒီနေရာကို လာကြည့်ပြီးတော့ ငိုတဲ့ ကလေးတွေကလည်း ငိုကြပေါ့။ ဒါတောင်မှ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကိုက တခြားကို အကုန်ထုတ်သွားတယ်။ မရှိတော့ဘူး။ အဲဒီလို ထုတ်သွားလို့ တော်တော်များများက ပါသွားတယ်။ စိတ်ဆင်းရဲစရာ မြင်ကွင်းပါ။ အလုံးစုံပျက်စီးပြီးတော့ကို စိတ်မချမ်းသာစရာကြီးပါ။

မေး။ ။ ဘယ်အရွယ်လေးတွေက သေဆုံးသူထဲမှာပါတယ်။ ဒဏ်ရာရတဲ့သူထဲ အငယ်ဆုံးနဲ့‌ နောက်ဆုံးအခြေအနေလေးပေါ့ ဆရာမ။ ဆေးကုသမှုအခြေအနေနဲ့ ဘယ်လောက် စိုးရိမ်ရတဲ့ လူတွေ ပါလဲ ဆရာမ။ အဲဒါလေးရှင်းပြပေးပါဦး။

ဖြေ။ ။ ထိခိုက်ဒဏ်ရာရတာတော့ ၁၀၀ ကျော်လောက် ရှိတယ်ပေါ့။ ကွယ်လွန်သွားတာတော့ ကျွန်မတို့ စေတနာဝန်ထမ်း ဆရာမ ၂ ယောက်ပါတယ်။ တစ်ယောက်က ၂၂ နှစ်၊ တစ်ယောက်က အသက် ၂၃ ။ နောက်ကျန်တာကတော့ G2 ပေါ့။ G2 ကနေ စပြီးတော့ G11 အထိ ကွယ်လွန်တဲ့အထဲမှာ ပါတယ်။ G2 က ၆ ယောက် ၊ G3 က ၃ ယောက်၊ 4 က ၄ ယောက် ၊ 5 က ၁ ယောက်၊ G7 က ၃ ယောက်၊ G9 ၁ ယောက်၊ 10 ၁ ယောက်၊ 11 တစ်ယောက်ဆိုတော့ အငယ်ဆုံးက Grade 2 တက်နေတဲ့ အရွယ်ဆိုတော့ ရှိလှ G2 တက်တဲ့အရွယ်ဆိုတော့ ၆ နှစ် ၇ နှစ်ပေါ့။ အကြီးဆုံးကတော့ ဆရာမတွေပဲ ပါမယ်။ အဲဒီဆရာမ အကြီးဆုံး ဆိုတာတောင် ၂၃ ။ အဲဒီတော့ သေဆုံးမှု အများဆုံးက ကလေးသူငယ်တွေပဲ ဖြစ်လိမ့်မယ်။ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီတိုက်ခိုက်မှုတွေအပြီးမှာ တစ်ဖက်က စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်ရဲ့ အလိုတော်ရိတွေကနေပြီးတော့ ဒါက လေကြောင်းတိုက်ခိုက်မှုမဟုတ်ဘူး၊ ကျောင်းဝန်းထဲမှာ သူ့ဘာသာ ဗုံးလုပ်ရင်းနဲ့ ပေါက်ကွဲတာ လေ ကြောင်းတိုက်ခိုက်မှု မရှိခဲ့ဘူးလို့ ပြောကြတာရှိတယ်။ နောက်တစ်ခါကျတော့ ကျောင်းက အမိုးပဲ ပွင့်ထွက်သွားတယ်။ ဘေးဘက်က နံရံတွေက ပွင့်မသွားဘူး၊ ဒါဘယ်လိုမှ လေကြောင်းတိုက်ခိုက်မှု မဟုတ်ဘူးပေါ့။ အဲဒီလိုမျိုး အမျိုးမျိုးပေါ့ သူတို့ဘက်က လိမ်လည်ပြီးတော့ သတင်းတွေ ထုတ်ပြန်တာ ပြည်သူကို သို့လော သို့လော ဖြစ်အောင် လုပ်တဲ့အပေါ်မှာရော ဆရာမ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း အဲဒီနေရာမှာ ရှိနေတော့ စစ်တပ်လော်ဘီတွေကို တုံ့ပြန်တာ မဟုတ်ပေမယ့် မသိသေးတဲ့ ပြည်သူတွေကို ဒါ တကယ့် လေကြောင်းတိုက်ခိုက်မှုဖြစ်တယ်၊ လိမ်လည်ပြီးတော့ စစ်တပ်ပြောသလို မဟုတ်ဘူးဆိုတာ ဆရာမ ဘယ်လိုများ ရှင်းပြလို့ရမလဲ။

ဖြေ။ ။ ထူးထူးခြားခြား ရှင်းစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကောင်စီရဲ့ ယုတ်မာ အောက်တန်းကျတာတွေ လိမ်ညာပြောဆိုတာတွေကို ပြည်သူတွေက တော်တော်များများက သိပြီးသား။ အဲဒီတော့ သူတို့ အလိမ်အညာဆိုတာ သိတယ်။ ဟိုဘက်က ပြောပေးနေတဲ့ လူတွေကလည်း ဒီဟာက မှားနေတယ်ဆိုတာ သိရဲ့နဲ့ကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွား လာဘ်လာဘ အခွင့်အာဏာ ရာထူးစည်းစိမ် အဲဒီလိုမျိုးတွေ ကြောင့်မို့လို့သာ အမှန်ကို ဘူးကန်ပြီးတော့ မဟုတ်ပါဘူးလို့ ငြင်းနေတာ။

အဲဒီငြင်းနေတဲ့ လူတွေကို ပြောချင်တယ်။ ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတာက အနေအထား ၊ပတ်ဝန်း ကျင်ကို ကျွမ်း ကျင်သူ သုံးသပ်လို့ရတယ်။ ပစ္စည်းသက်သေ၊ လူသက်သေ များစွာရှိတယ်။ မေးလိုက်ချင်တယ်။ ကျမတို့ အညာက လူတွေက ကိုယ့်သားသမီးကိုယ် စတေးပြီးတော့ လိမ်ညာလောက်အောင် အောက်တန်းဘယ်သူမှ မကျဘူး။ အဲဒီအမှန်တရား မဟုတ်တာတွေ ပြောနေတဲ့ လူတွေ ကျွန်မကို မျက်လုံးချင်းတည့်တည့်ဆိုင်ပြီး ကြည့်စမ်းပါ။ မင်းတို့ လိပ်ပြာလုံရဲ့လား။ လိမ်ရ ညာရတာတွေအတွက် မင်းတို့အခွင့်အရေးတွေ ဘယ်လောက်တောင် ရသလဲ ကျွန်မက မေးခွန်းထုတ်ချင်တယ်ရှင့်။

မေး။ ။ နောက်တစ်ခုကကျတော့ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါမှာ ဒီလို စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ ဒါတွေကို ဦးတည်ပြီးတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်လာတာ ပိုပြီးတော့ များလာတာတွေ့တယ်။ ဘာကြောင့် သူတို့ ဒီနေရာတွေကို ဦးတည်ပြီး တိုက်ခိုက်တာလဲ။ ဥပမာ သူတို့ဘက်ကတော့ ပြောတာကတော့ ဒါ PDF တွေက တပ်စွဲလို့ ၊ ဒါမှမဟုတ်လို့ရှိရင်လည်း PDF နဲ့ ဆက်နွှယ်လို့ ဆက်သွယ်တဲ့ လူတွေက အဲဒီမှာ ရှိနေလို့ စသဖြင့် သူတို့ဘက်ကတော့ အဲဒီလို ပြောတာပေါ့။ အဲဒီတော့ ဆရာမတို့ လက်ရှိ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေးသမားတွေ အနေနဲ့ကျတော့ စစ်ကောင်စီရဲ့ ဒီလိုမျိုး စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို အဓိက ဦးတည်တိုက်ခိုက်မှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာလို့ သုံးသပ်လို့ရလဲ ဆရာမ။

ဖြေ။ ။ အဓိက ဦးတည်ချက်ကတော့ အကြောက်တရားကို ရိုက်သွင်းတာ။ ပြည်သူတွေနဲ့ တော်လှန်ရေးလုပ်နေတဲ့ လူတွေနဲ့ ကြားထဲမှာ အမုန်းဖြစ်အောင် သူတို့က ကြားကနေ လုပ်ပေးတာ။ ဒါဖြစ်လို့ ဒါလုပ်တယ်။ ဒါတွေကို လက်မခံနဲ့ဆိုတဲ့ အကြောက်တရားကို ရိုက်သွင်းတာ။ နောက်တစ်ခုက ကျွန်မတို့ဘက်က လူတွေ ပညာတတ်သွားမှာ၊ ထူးချွန်သွားမှာ ၊ ထက်မြက်သွားမှာ သူတို့က တအားကြောက်တယ်။ ပညာမတတ် အသိဉာဏ်ကင်းမဲ့တဲ့ လူတွေ များလေလေ သူတို့ အုပ်ချုပ်ရ လွယ်လေလေ။

အဲဒီအတွက်ကြောင့်မို့လို့ ပညာသင်ကြားရေးကို အကြီး အကျယ်အနှောင့်အယှက်ပေးတာ။ သူတို့ပြောသလို ဒီနေရာမှာ ဟိုဟာတွေ ရှိတယ် ဒါတွေ ရှိတယ်၊ ဟိုဟာတွေ လုပ်တယ်၊ ဒါတွေ လုပ်တယ်ဆိုခဲ့ရင် အခုကွယ်လွန်တဲ့ စာရင်းကို ကြည့်။ ဘယ်သူတွေပဲ ကွယ်လွန်တာလဲ၊ တကယ်တမ်း သူတို့ ပြောသလိုသာ အဲဒါတွေရှိတယ်ဆိုရင် သေချာပေါက် ကွယ်လွန်တဲ့ ထိခိုက်တဲ့ စာရင်းထဲမှာ ပါလာမှာလေ။ အခုကွယ်လွန်ထိခိုက်တဲ့ စာရင်းထဲမှာ အသက် ၁၈ နှစ်အထက်ဆိုတာ ၄ ယောက်လား ပါတယ်။

အဲဒီ ၄ ယောက် စလုံးကလည်း သင်ကြားရေးမှာ ဝင်လုပ်နေတဲ့ ဆရာ ၊ ဆရာမတွေပဲ။ ၂ ယောက်က ကွယ်လွန်သွားပြီ။ သူတို့ပြောသလို ဟိုဟာတွေ ရှိလို့၊ ဒါတွေ ရှိလို့ဆိုတာက သူတို့ရဲ့ အပြစ်ကို ကာချင်လို့ ပြောတဲ့အကြောင်း ပြချက်သက်သက်ပဲလို့ ကျွန်မကတော့ ယူဆချင်တယ်။ ဓာတ်ပုံတွေထဲမှာ ယူနီဖောင်းတွေနဲ့ ပါတယ်။ ပါမှာပဲ။

ဘာလို့ ပါမှာလဲဆိုတော့ ဒီလိုဖြစ်သွားတဲ့အချိန်မှာ အဲဒီရွာထဲမှာရှိတဲ့ မိဘတွေက ဘာမှ မလုပ်နိုင်ဘူး။ သွေးရူး သွေးတန်းနဲ့ သူ့ကလေး ကိုယ့်ကလေးရှာကြ၊ ဗြောင်းတွေ သတ် ။ ပြောပြတယ် ဘေးက မြင်ရတဲ့ လူက အစ်မကြီး တစ်ယောက် ပြေးလာတယ်။ ကျောင်းဝန်းအဝင်မှာ လှေကားထစ်ပေါ်မှာ သူ့ရဲ့ သမီးရဲ့ ခန္ဓာကိုယ်ကို သူမြင်လိုက်ရတယ်။ မြင်တဲ့အချိန်မှာ အမလေးတော့ ပြောခဲ့ပြီးတော့ ခုန်ပေါက်ပြီးတော့ သူက ပတ်ပြေးနေတာ။ ဘာမှလည်း သူ မလုပ်နိုင်ဘူး။ နောက်အဘွားတစ်ယောက်ကလည်း ပြောတယ်။ တိုင်လေးကို မှီပြီးတော့မှ လက်ကလည်း ဒီလိုကြီး တန်းလန်းကြီး ကျနေပြီးသား အဲဒါကိုမှ အဘွား သမီးကို ကယ်ပါဦးဆိုတော့ သူက ကျွန်မ မကယ်နိုင်ခဲ့ဘူးတဲ့ အဲဒါကို ကျွန်မ စိတ်မချမ်းသာခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့မြေး ၃ ယောက်က ကျောင်းထဲမှာ။

အဲဒီကျတော့ ဒီကလေးက သူ့မြေးမဟုတ်လို့ သူက ထားခဲ့ပြီးတော့မှ သူ့မြေးကို သူ ပြေးရှာလိုက်ရတယ်ပေါ့။ အဲဒီလိုမျိုး ကစဉ့်ကလျားဖြစ်နေတဲ့အချိန်မှာ စနစ်တကျလေ့ကျင့်ထားပြီးတော့မှ ဒီသွေးသံရဲရဲတွေကို ကိုင်တွယ်နိုင်တာက ဘယ်သူတွေပဲ ရှိလဲ။ သူတို့ပဲ အမြန်ဆုံးရောက်လာတယ်။ အမြန်ဆုံး ဆွဲထုတ်တဲ့အခါမှာ ခုံတွေကြားမှာ ကလေးတွေက ညှပ်တယ် အစိတ်အပိုင်းတွေလည်း ဖြစ်နေတာမို့လို့ အရင်ဆုံး ခုံတွေကို ဆွဲထုတ် ဆွဲထုတ်ပြီးမှ ဒီကလေးတွေကို ကယ်ဆယ်ရေးလုပ်ရတယ်ပေါ့။ လုပ်ရတဲ့အချိန်မှာ မိဘတွေကတော့ ကိုယ့်ရဲ့ သွေးသား ကိုယ့်ရင်သွေးရှိရာကိုပဲ ဦးတည်ပြီး လုပ်တဲ့အချိန်မှာ ဘာမှ မခွဲဘဲနဲ့ အရေးကြီးရင် ကြီးသလို လုပ်ပေးနိုင်တာ သူတို့တွေပဲ ရှိတော့ သူတို့က ရောက်လာကြတယ်။ ကူညီပေးကြတယ်။

ကားလိုသလား ၊ ဆေးလိုသလား ၊ သွေးလိုသလား၊ ရေသလိုသလား ၊ မုန့်လိုသလား အားလုံး သူတို့ကပဲ စီစဉ်ပေးကြတာ။ သွေးဆိုတော့လည်း သွေးအုပ်စု ခွဲပြီးသား။ အခြေခံလိုအပ်တဲ့ အသည်းရောင် အသားဝါတို့ HIV တို့ စသဖြင့် စစ်ဆေးပြီးသားတွေက သူတို့ဆီမှာပဲ ရှိတာ။ အပြင်က သာမန်ပြည်သူကို ကျွန်မတို့ သွေးအလှူခံမယ်ဆိုရင် အဲဒါတွေ အားလုံးကို ပြန်စစ်ရမယ်။ အဲဒီတော့ ကျွန်မတို့က ဒီမှာ သွေးအုပ်စု ဘယ်လောက်လဲ၊ ဒီလိုမျိုး ရနေတဲ့လူတွေကို အကူအညီတောင်းပြီး ဆောင်ရွက်ကြတာ။ အဲဒါအတွက် ဒါကို ရိုးမယ်ဖွဲ့ပြီးတော့ ဓာတ်ပုံတွေထဲမှာ ဒါတွေ ပါလို့ဆိုရင် ဒီရဲဘော်တွေက လူ့အသက်ကို ကယ်ရဖို့အရေးမှာ အဲဒီယူနီဖောင်းကို သွားပြန်ပြေးလဲရဦးမှာလား။

ပြီးတော့ ရဲဘော်တွေမှာလည်း အဝတ်အစားတွေ အများကြီးရှိမယ်လို့ ထင်ကြတာလား။ သူတို့မှာလည်း သူတို့ရှိတဲ့ဟာလေးကို ဝတ်။ နဂိုရှိရင်းစွဲလေးအတိုင်းပဲ ဖြစ်တယ်ဟေ့လို့ ကြားကြားချင်း ဒုံးစိုင်းပြီးတော့ ကျွန်မတို့ အကုန်လုံး က ပြေးလာကြတာ။ လက်လှမ်းတမီက ပြေးလို့ရတဲ့ လူတွေက လမ်းကြောင်းရှင်းတဲ့ လူတွေက အဲဒီကို အကုန် အုံပြီးတော့ ပြေးလာကြတာ။ ဒါကြောင့် ဓာတ်ပုံတွေထဲမှာ သူတို့တွေ ပါနေတယ်ဆိုတာ အဲဒါအတွက်ကြောင့်ပါလို့ ကျွန်မကတော့ ရှင်းပြချင်တယ်ရှင့်။

(ဆက်လက်ဖော်ပြပါမည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article