ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅ဝဝ ဗုံး ၂ လုံး လာရောက် ကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရှဲဆန်သတ္တုကုမ္ပဏီကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကုမ္ပဏီအသုံးပြုနေသော ဘတ်ဖိုး ၁ စီး၊ သတ္တုထုတ်စက် ၁ လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် ၁ လုံးနှင့်အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ (၁၆၈ဝဝဝဝ)ယွမ် ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်းသိရှိရသည်။
အလားတူ မေလ ၁၈ ရက်နေ့ ညနေ ၅နာရီ ၃ဝ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးကိုလည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၆ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် မေလ ၆ ရက်မှ ၃၁ ရက်နေ့ အထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊ ထိုကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်းPSLF/TNLA က အသိပေးနှိုးဆော်ထားသည်။


