ရန်ကုန်၊ မေ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး ၃၉ လုံး ကျဲချတိုက်ခိုက်မှု ပြည်သူ ၂ ဦးပြီးမြေပြင်မှလည်း စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီထိ ကန်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက်နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၃၉ လုံး လိုက်လံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပေါက်ဆိန်ကုန်းရွာမှ ဦးမှိုင်းနှင့် အသက် ၃၀ ခန့် အရွယ် အမျိုးသား ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး သင်တောရွာမှ ဒေါ်စီပုလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကန့်လူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ သင်တောရွာကိုလည်း ချပ်သင်းရွာနှင့် ကိုးတောင်ဘို့မှ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနေ ပြည်သူများကို လိုက်လံ ဖမ်းဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ခွေးတွေ ဗုံးကျဲသွားတာက ပြည်သူ ၂ ဦးပွဲချင်းပြီးသေဆုံးတယ်လို့ သိရတယ်။ အမျိုးသမီး ၁ ဦးကတော့ ပြင်းထန် ဒဏ်ရာရထားတယ်။ နောက်ပြီး မြေပြင် စစ်ကြောင်းကလည်း သင်တာရွာကို ဝင်နေပြီးပြည်သူတွကို လိုက်ဖမ်းနေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရတော့ မြေပြင် အခြေအနေ အသေးစိတ်ကို အတည်ပြုဖို့ခက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
