30 C
Yangon

ကျုံဒိုးမြို့တွင် နေအိမ်ခဏပြန်လာသည့် စစ်ဘေးရှောင် CDM ကျောင်းဆရာ ကိုသက်ဦး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် နေအိမ်ခဏပြန်လာသည့် စစ်ဘေးရှောင် CDM ကျောင်း ဆရာ ကိုသက်ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးကြောင်း သေဆုံးသူ ကျောင်း ဆရာ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း တိုက်ပွဲများကြောင့် ကျုံဒိုးမြို့မှ တိမ်းရှောင်နေသော CDM ကျောင်းဆရာ ကိုသက်ဦးက နေအိမ်ရှိရာ ကျွန်းကလေးကျေးရွာသို့ ခဏ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ကျုံဒိုးအခြေစိုက် စစ် ကောင်စီ၏ ခမရ ၅၄၅ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ကျွန်းကလေးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကိုသက်ဦးကို ထိမှန်သွားခဲ့ကြောင်း၊ လက်နက်ကြီးကျည်ထိမှန်သောကိုသက်ဦးမှာ ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

” မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းကျွန်းကလေးရွာဘက်ကို ခမရ ၅၄၅ တပ်ကနေ လက်နက်ကြီးနဲ့ ထုတယ်။ အဲဒါ ရွာထဲက အိမ်ပေါ် လက်နက်ကြီးကျည် ကျပြီး အသက် ၃၀ ကျော်အရွယ် CDM ကျောင်းဆရာ ကိုသက်ဦး ဆုံးပါတယ်။ သူက ကျောင်းဆရာဘ၀ကနေ CDMလုပ်ပြီး ကျောင်းဆရာအလုပ်ကထွက်ထားတာ။ စစ်ဘေးရှောင်တဲ့အချိန် ရွာမှာအိမ်တွေဖောက်ခိုးနေရလို့ အိမ်စောင့်ပြန်နေတုန်း သူ့အိမ် ဘုရားစင်ရှေ့ လက်နက်ကြီး ကျပေါက်တော့ ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မိတ်ဆွေတစ်ဦးက ရှင်းပြသည်။

လတ်တလော ကျုံဒိုးဒေသတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာများတွင်ရှိနေသည့် စစ်တပ် သတင်းပေးများ၏ သတင်းပေးချက်အတိုင်း လက်နက်ကြီးပစ်ခတ်တိုကိခိုက်ခြင်း၊ဒရုန်းဖြင့်ဗုံးကြဲခြင်းများလုပ်ဆောင်နေကြောင်း၊ KNLAမဟာမိတ်တပ်များကလည်း ရှေ့ာတိုက်ဒုံးဖြင့် စစ်ကောင်စီတပ်ရင်းများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

” စစ်တပ်အတွက် ရွာတွေမှာ မဘသဘုန်းကြီးတို့ ကြံဖွတ် သတင်းပေးတို့ရှိတယ်လေ။ သူတို့က တော်လှန်ရေးတပ်တွေလာရင် စစ်တပ်ကို လှမ်းပြောတယ်။ အဲဒါဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တော့တာပဲ။ ပစ်တော့ ရွာပဲ ထိခိုက်တာ။ အဲဒီလိုလူတွေကို မလုပ်ဖို့သတိပေးထားလည်း သူတို့က လုပ်နေကြတုန်းပဲ “ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ဧပြီလမှ မေလအထိ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ၃၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article