30 C
Yangon

မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေသည့် ဂုဏ်သရေပျက် အာဆီယံသူဌေးကြီးသုံးဦး

Must read

ရန်ကုန်၊ မေ ၂၁

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည့် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းအား Justice For Myanmar (JFM)အဖွဲ့က မေလ ၁၂ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါဂုဏ်သရေပျက် သူဌေးကြီးများစာရင်းတွင် ပါဝင်သော အာဆီယံသူဌေးကြီးများ၏ အသေးစိတ်အချက်အလက်များကို JFM ကဆက်လက်ထုတ်ပြန်လျှက်ရှိရာ၊ ယခုသတင်းတွင် အာဆီယံဒေသတွင်း မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သူဌေးကြီး ၃ ဦးအကြောင်းကို တင်ဆက်သွားမည်ဖြစ်သည်။

(၁) နေအောင် (International Group of Entrepreneurs (IGE) တည်ထောင်သူနှင့် ဥက္ကဌ)

================

အာဏာရှင်ဟောင်း သန်းရွှေ၏ လူရင်းလည်းဖြစ်၊ သဘောထားတင်းမာပြီး နံမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ဒုတိယဗိုလ်မှူးကြီး အောင်သောင်း၏ သားဖြစ်သူ နေအောင်သည် ကာလရှည် မြန်မာစစ်အုပ်စုခရိုနီတစ်ဦးဖြစ်သည်။ ၎င်းသည် ဘဏ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ စွမ်းအင်နှင့် ဟိုတယ်လုပ်ငန်းများ ဖြန့်ကျက်ပါဝင်သည့် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို တည်ထောင်ထားသည်။

မြန်မာစစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်ထားသော Lotte Hotel တွင် ၄င်း၏ စီးပွားရေးလုပ်ငန်းများ ပါဝင်နေသလို၊ သံလွင်မြစ်ပေါ်ရှိ အငြင်းပွားဖွယ် ရေအားလျှပ်စစ်စီမံကိန်းတွင်လည်း ၄င်းပါဝင်နေသည်ဟု Justice For Myanmar ကထုတ်ပြန်ထားသည်။

ဝီကီလိခ်က ထုတ်ပြန်လိုက်သည့် ၂၀၀၈ ခုနှစ် အမေရိကန်သံရုံးကြေးနန်းတွင် နေအောင်နှင့် ညီဖြစ်သူ ပြည်အောင်တို့က အလွန်များပြားသည့် စည်းစိမ်ချမ်းသာကို စုဆောင်းရန် ၎င်းတို့မိသားစု အဆက်အနွှယ်များ၊ အာဏာရှင်စစ်အုပ်စုနှင့် နီးကပ်သည့်ဆက်ဆံရေးတို့ကို မည်သို့ အသုံးချခဲ့ကြောင်း ဖော်ပြထားသည်။

၎င်း၏နောက်ထပ်ညီအစ်ကိုတစ်ဦးမှာ စစ်အုပ်စု၏ အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီးမိုးအောင် ဖြစ်ပြီး၊ မိုးအောင်အား အီးယူနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ ၎င်းတို့၏ ဖခင် ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးအောင်သောင်းသည် ယခင်စစ်အုပ်စုအစိုးရလက်ထက် အဂတိလိုက်စားသည့် အကျင့်ပျက်ဝန်ကြီးတစ်ဦးဖြစ်ခဲ့သည့်အပြင်၊ နံမည်ဆိုးဖြင့်ကျော်ကြားသော သဘောထားတင်းမာသူတစ်ဦးလည်း ဖြစ်သည်။

နေအောင်သည် ဇနီး ဖြစ်သူ ခင်မျိုးညွှန့်နှင့်အတူ UAB ဘဏ်ကို တည်ထောင်ခဲ့ပြီး၊ ၄င်းတို့ပိုင် IGE အပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်းတို့၏ ရှယ်ယာများကို ဝမ်းကွဲညီအစ်ကိုထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု JFM ကထုတ်ပြန်ထားသည်။

(၂) အပ်ဒဝင်ဆိုရာဂျာရာ (အင်ဒိုနီးရှားသူဌေးကြီး)

=================

အပ်ဒဝင်ဆိုရာဂျာရာ၏ စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုသည် စင်ကာပူအခြေစိုက် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Interra Resources Ltd. ဖြစ်သည်။ ယင်းကုမ္ပဏီသည် Goldpetrol Joint Operating Company Inc ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ ဆိုရာဂျာရာသည် ၂၀၂၃ ခုနှစ် အထိ Interra Resources ၏ ဥက္ကဌအနေဖြင့် နှစ် ၂၀ နီးပါး ထမ်းဆောင်ခဲ့ပြီး၊ မြန်မာစစ်အုပ်စုအဆက်ဆက်နှင့် မသမာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု JFM ကဆိုသည်။

Goldpetrol ကုမ္ပဏီသည် လက်ရှိစစ်အုပ်စုအတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို ရောင်းချထောက်ပံ့ကူညီခဲ့ပြီး၊ စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် အုံလိုက်ကျင်းလိုက်အကြမ်းဖက်နေမှုများကို လောင်စာဖြည့်ကူညီခဲ့သည်။

Goldpetrol ၏ ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ရောင်းချထောက်ပံ့နေသည့် တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီး NORINCO ၏ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်။

ဆိုရာဂျာရာသည် အင်ဒိုနီးရှားနိုင်ငံတွင်း အချမ်းသာဆုံးသူဌေးကြီးများထဲမှ တစ်ဦးဖြစ်သည်။ ယင်းသို့ဖြစ်လာရခြင်းမှာ မြန်မာနိုင်ငံတွင်း စစ်အုပ်စုလက်ချက်ဖြင့် သေဆုံးသွားသူအများအပြားနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ၏ ကျေးဇူးနှင့် မကင်းကြောင်း JFM ကထောက်ပြဝေဖန်ထားသည်။

(၃) ဒါနင်းချီယာရာဘန်နော့ (Charoen Pokphand Group- CP Group ၏ အကြီးတန်းဥက္ကဌ)

==================

စစ်အုပ်စုကို ထောက်ပံ့နေသည့် နောက်အာဆီယံသူဌေးကြီးတစ်ဦးမှာ ထိုင်းဘီလီယံနာသူဌေးကြီး ဒါနင်းချီယာရာဘန်နော့ ဖြစ်သည်။

ဒါနင်းမိသားစု၏ ကျိကျိတက်ချမ်းသာမှုသည် ၎င်းတို့၏ ကိုယ်ကျင့်တရား အစွန်းထင်းခံပြီးမှ ရရှိလာခြင်းဖြစ်သည်။ ၄င်းတို့ပိုင် CP Group သည် မြန်မာနိုင်ငံ၊ အာရကန်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းပါ၊ အငြင်းပွားဖွယ် အထူးစီးပွားရေးဇုန်နှင့် ရေနံဆိပ်ကမ်းစီမံကိန်းအား ဖော်ဆောင်နေသည့် အကျိုးတူပူးပေါင်းကုမ္ပဏီစုကြီးနှစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။ အဆိုပါအငြင်းပွားဖွယ်စီမံကိန်းအား ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တက်သုတ်ရိုက် လုပ်ဆောင်လာခဲ့သည်။

CP Group သည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင်လည်း စီးပွားရေးလုပ်ကိုင်သည်။ ၂၀၁၄ ခုနှစ်တွင် ယင်းကုမ္ပဏီသည် ရေလုပ်သားများကို ကျွန်အဖြစ် ခိုင်းစေအသုံးပြုခဲ့သည့် အရောင်းဒိုင်များဆီမှ ငါးစာများ ဝယ်ယူသည့်ကုမ္ပဏီအဖြစ် ဖော်ထုတ်ခံထားရသည်။ ယင်းကုမ္ပဏီသည် ပျဉ်းမပင်စက်မှုဇုန်ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့်ဝန်ကြီးဌာနထံမှ ငှားရမ်းမြေပေါ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ အာဆီယံ သူဌေးကြီးများ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများမှ (စစ်အုပ်စုသို့) အခွန်ပေးချေမှုများသည် မြန်မာပြည်သူများအား အကြမ်းဖက်၊ ဖိနှိပ်ရန်အတွက် ကုန်ကျစရိတ် အလွန်များပြားသော လေကြောင်းတိုက်ခိုက်မှုများအပေါ် အကြီးအကျယ်မှီခိုနေရသည့် စစ်အုပ်စုအတွက် ကြီးမားသော ဝင်ငွေရပေါက်ရလမ်းအဖြစ် ကူညီပေးလျက်ရှိသည်ဟု JFM က အခိုင်အမာ ပြောဆိုသည်။

ထို့ကြောင့်၊ ထိုသို့ ချမ်းသာကြွယ်သော အာဆီယံသူဌေးကြီးများက စစ်အုပ်စုကို ထောက်ပံ့နေသ၍၊ မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများက ကလေးသူငယ်များ၏ အသက်များအား ဆက်လက်ခြိမ်းခြောက်နေသ၍ အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနေသည်ဟု ပြောဆိုခွင့် မရှိကြောင်း JFM က ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article