32 C
Yangon

မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန်

Must read

ရန်ကုန်၊ မေ ၂၂

မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှုများနှင့် NLD အစိုးရလက် ထက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှု၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကြောင့် တိုင်းပြည် ညီညွတ်မှုနှင့် ဟန်ချက်ညီမှု ပြိုကွဲမည့် အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ် ဆောင်ရန် လိုအပ်ကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

ယမန်နေ့ နေပြည်တော်တွင် လေကြောင်းနှင့် ရေကြောင်းလေ့လာရေးသင်တန်းမှ လူငယ်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျဉ်းတန် အဖြစ်မျိုးများ၊ ရွေး ကောက် ပွဲမတိုင်မီကာလတွင်လည်း ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီရပ်တည်မှုများ ပြိုကွဲမည့် အဖြစ်များ ထပ်မံ မဖြစ်ပေါ်စေရေး လုပ်ဆောင်ကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပအဖျက်သမားများက နှစ်ရှည်လများ နည်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုနေရာ တွင် သတိပြုမိရန်မှာ ပြည်ပ၏ ပယောဂပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် ကတည်းက မတည်မငြိမ် ဖြစ်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့သည့် အဆိုပါ အင်အားစုများနှင့် ၎င်းတို့၏ အဆက်အနွယ်များကပင် အဆိုပါကိစ္စများကို နှပ်ကြောင်းပေး ဆောင်ရွက်ခဲ့ကြောင်း၊ အချိန်မရွေး ဝင်ရောက်စွက်ဖက်၍ ကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ် ကြောင်း၊ ယင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ထိန်း သိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ အဖျက်သမားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ထိန်း သိမ်းထားသည့် မြန်မာနိုင်ငံ၏ ဟန်ချက်ညီမှုများကို သိရှိကြကြောင်း မင်းအောင်လှိုင်က ဆိုပြန်သည်။

အဆိုပါ ဟန်ချက်ညီမှုများကို ဖျက်ဆီးနိုင်မှသာ ၎င်းတို့၏ ယုတ်မာသည့် နိုင်ငံတော်ပြိုကွဲစေရေး၊ အကြံအစည်များနှင့် ဒေသတွင်း မြန်မာကို တည်ကြက်ထားပြီး ၎င်းတို့ ထိန်းချုပ်လိုသည့် နိုင်ငံများကို ထိန်းချုပ်လိုသည့် အကြံအစည်များအားအကောင်အထည် ဖော်နိုင်မည်ကို သိရှိကြကြောင်း၊ ယင်းကို ၎င်းတို့ စဉ်ဆက်မပြတ် ဆောင် ရွက်နေကြသည်ကို မိမိတို့နိုင်ငံသားများအားလုံးက သိရှိ သတိရှိကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၁၀ ရက်နေ့ ရုရှားခရီးစဉ်အပြီး စစ်ကောင်စီ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အစည်း အဝေး များနှင့် ပွဲလမ်းများတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ယူခဲ့သော NLD အစိုးရကို တောက် လျှောက်ဆိုသလို တိုက်ခိုက်ဝေဖန်ပြစ်တင် ရှုတ်ချသော ပြောဆိုမှုများကို တကျော့ပြန်၍ ဆက်တိုက် ပြောဆိုလာလျက်ရှိသည်ကို တွေ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article