မည်သည့်အာဆီယံအစည်းအဝေးမဆို စစ်ကောင်စီအား မဖိတ်ကြားရန်နှင့် NUG၊ EROs များနှင့် တရားဝင် ပွင့်လင်းမြင်သာစွာ ဆက်ဆံရေး ထူထောင်ရန် ကိုလည်း တောင်းဆို
ရန်ကုန်၊ မေ ၂၃
ပိုမိုဆိုးရွားလာနေသော မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာအားကောင်းသော မူဝါဒချဉ်းကပ်မှုများနှင့် တိကျပြတ်သားစွာ ဦးဆောင်ပေးရန် အာဆီယံလက်ရှိဥက္ကဌ မလေးရှားနိုင်ငံအား အရပ်ဘက်အဖွဲ့ပေါင်း ၂၈၅ ဖွဲ့က ယမန်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ယခုလကုန်တွင် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လက်ခံကျင်းပရန်ရှိသည့်အတွက် ပိုမိုဆိုးရွားလာနေသော မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ခိုင်မာအားကောင်းသော မူဝါဒချဉ်းကပ်မှုများ ချမှတ်နိုင်ရန်အတွက် တိကျပြတ်သားစွာ ဦးဆောင်မှုပေးရန် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို အရေးတကြီးတောင်းဆိုခဲ့ကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်သည်။
ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရမည်ဖြစ်သလို၊ တရားဝင်အခွင့်အာဏာရှိသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) များနှင့် တရားဝင် ပွင့်လင်းမြင်သာစွာ ဆက်ဆံရန် လိုအပ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့်ဧပြီလအတွင်း မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းအပေါ် အရပ်ဘက်အဖွဲ့များက အပြင်းအထန် ရှုတ်ချလိုက်ပြီး၊ ယင်းတွေ့ဆုံမှုသည် သံတမန်ရေးအရ လိုအပ်ချက်မဟုတ်ဘဲ၊ ပြည်သူများအား ထပ်မံဒုက္ခရောက်စေသော ကြီးမားသည့် အမှားတစ်ခုသာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။
ယင်းတွေ့ဆုံမှုသည် စစ်ကောင်စီအား မှားယွင်းသော တရားဝင်မှု ပေးလိုက်ခြင်းသာဖြစ်ပြီး၊ စစ်တပ်အား အရပ်သားများအပေါ် ရက်စက်သောတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် အခွင့်အာဏာ ပေးလိုက်ခြင်းလည်းဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။
ဘုံသဘောတူညီချက် ၅ရပ်သည် စစ်တပ်အတွက် ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အကာအကွယ်တစ်ခု ဖြစ်နေကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် အာဆီယံ၏ အစည်းအဝေးများတွင် စစ်ကောင်စီကိုယ်စားလှယ်များ ပါဝင်နေခြင်းသည် အဖွဲ့၏ ဂုဏ်သိက္ခာကို ဆက်လက်ထိခိုက်စေသလို၊ အာဆီယံအဖွဲ့တွင်း ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး လေးစားမှုဆိုင်ရာ အစုအဖွဲ့၏ မူလကတိကဝတ်ကို သစ္စာဖောက်နေခြင်းလည်း ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြဝေဖန်သည်။။
မင်းအောင်လှိုင်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၊ မြို့ရွာများကို မီးရှို့လုယက်မှုများ၊ အရပ်သားရှိရာနှင့် ခိုလှုံရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃.၅ သန်း သည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု အဆိုပါအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ်က ဧပြီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုခဲ့အပြီး၊ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၀ ကျော်ကိုပြုလုပ်ခဲ့ကြောင်း၊ အများစုမှာ အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
အထူးသဖြင့် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ကျောင်းသား ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် စစ်တပ်၏ လူ့အသက်နှင့် နိုင်ငံတကာဥပဒေကို အလေးမထားကြောင်းကို ပြသသည့် ထပ်ဆောင်းသက်သေတစ်ခု ဖြစ်ခဲ့ကြောင်းလည်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးဖြတ်တောက်ရန် အရေးတကြီး လိုအပ်နေပြီး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးတို့အတွက် ဆင်နွှဲနေသော မြန်မာပြည်သူများ၏ တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော ဦးဆောင်မှုမျိုးဖြင့် ဒေသတွင်းအစုအဖွဲ့ကို ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေးပါရန် အရပ်ဘက်အဖွဲ့များက အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။
အထူးသဖြင့် အာဆီယံ လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အာဆီယံ၏ မည်သည့်အစည်းအဝေးတွင်မဆို စစ်ကောင်စီကိုယ်စားလှယ်များ ပါဝင်ခွင့် မပြုစေရန်နှင့် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်သော NUG နှင့် EROs များအပြင် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တရားဝင်အသိအမှတ်ပြု ဆက်ဆံရေးတည်ဆောက်ခြင်းများ လုပ်ဆောင်ရန် မျှော်လင့်ပါကြောင်းလည်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
မြန်မာ့အရေး ဆွေးနွေးရာတွင် အစဥ်အဆက်ကျင့်သုံးခဲ့သော “အသံတိတ်သံတမန်ရေးနည်းလမ်း” ဆိုသည့် အလုပ်မဖြစ်သော လူမသိသူမသိ အစည်းအဝေးများ သို့မဟုတ် ဘောင်ဝင်ရုံ အစွယ်အပွား အစည်းအဝေးငယ်များ တွင်သာ ကန့်သတ်ထားစေခြင်း မပြုဘဲ၊ မြန်မာပြည်သူများ၏ ယုံကြည်မှုရရှိရန်အတွက် ဆက်ဆံရေးတိုင်းကို ပွင့်လင်းမြင်သာစွာဖြင့် လုပ်ဆောင်ပေးရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုခဲ့သည်။
ထိုသို့ဆောင်ရွက်မှသာ အာဆီယံသည် ကျရှုံးနေသော ၄င်းတို့၏ ဘုံသဘောတူညီချက် ၅ရပ်ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး၊ မြန်မာပိုင်၊ မြန်မာကသာ ဦးစီးဦးဆောင်သော ဖြေရှင်းနည်းကို အားပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန်အတွက် အာဆီယံအနေဖြင့် အချည်းနှီးသော စကားလုံးများကို ဖက်တွယ်မနေသင့်ဘဲ လက်တွေ့ကျသော၊ အဓိပ္ပာယ်ရှိသော လုပ်ဆောင်ချက်များဖြင့် သက်သေပြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရေးတကြီး ရပ်တန့်စေရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
အာဆီယံဥက္ကဌ မလေးရှားနိုင်ငံ၏ ခေါင်းဆောင်မှုဖြင့် မြန်မာစစ်တပ်ကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်းဘေးအန္တရယ်များကို တုန့်ပြန်ဖြေရှင်းခြင်း၊ အာဆီယံ၏ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူသားလုံခြုံရေးဆိုင်ရာ စစ်မှန်သောကတိကဝတ်ကို ပြသခြင်းများဖြင့် ဒေသ၏အရေးပါမှုကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်ကြောင်းလည်း အရပ်ဘက်အဖွဲ့များကဆိုသည်။
အထူးသဖြင့် မြန်မာ့အရေးဖြေရှင်းရာတွင် တရားမျှတမှုရှိသော၊ ရေရှည်တည်တံ့သော ဖြေရှင်းမှုရရှိစေရေးအတွက် မြန်မာပြည်သူများပိုင်ဆိုင်၊ ဦးဆောင်သော နိုင်ငံရေးပြောင်းလဲမှုကို ထောက်ခံဖော်ဆောင်နိုင်ရေး အာဆီယံကို ဦးဆောင်မှုပြုပါရန် မလေးရှားဝန်ကြီးချုပ်အား အရပ်ဘက်အဖွဲ့များက တောင်းဆိုခဲ့ကြသည်။



