ရန်ကုန်၊ မေ ၂၈
မေလ ၂၆ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးတွင် အချက် ၉ ချက်ပါသော မြန်မာ့အရေးဆိုင်ရာ ကြေညာချက်တစ်ရပ်ကို အာဆီယံ ခေါင်းဆောင်များက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံရှိ ပဋိပက္ခများဆက်လက်အရှိန်မြှင့်လာခြင်းနှင့် မတ်လ ၂၈ ရက်နေ့ ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုနှင့် ပဋိပက္ခစစ်ပွဲများကြောင့် လူသားချင်းစာနာမှုအခြေအနေများ ဆိုးရွားလာခြင်းအပေါ် နက်နက်ရှိုင်းရှိုး စိုးရိမ်ပူပန်ကြောင်း အာဆီယံက ဆိုသည်။
မြန်မာ့အရေးကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသော ရေရှည်တည်တံ့သော နည်းလမ်းကို ရှာဖွေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့အရေး ဖြေရှင်းရန် အဓိက သော့ချက်အဖြစ် ထပ်လောင်း အတည်ပြုပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာမူ၊ မြန်မာဟန်ဖြင့် မြန်မာနိုင်ငံက ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် သင့်ကြောင်း အာဆီယံက ဆိုသည်။
အများပြည်သူဆိုင်ရာနေရာများနှင့် အရပ်သားပြည်သူများကို အကြမ်းဖက်မှုများကို သက်ဆိုင်သူများအားလုံးက ရပ်တန့်ရန်၊ အရပ်သားပြည်သူများအားလုံး ဘေးကင်းလုံခြုံရေးအတွက် အာမခံအထူးဂရုပြုရန် အာဆီယံ တိုက်တွန်းသည်။
စစ်ကောင်စီက ကြေညာခဲ့ သော အပစ်အခတ်ရပ်စဲရေးနှင့် ဆန့်ကျင်ဘက် အုပ်စုများ၏ အပစ်အခတ်ရပ်စဲရေး ကြေညာမှုများကို ကြိုဆိုကြောင်း၊နောက်ထပ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပြီး လူသားချင်းစာနာမှုအကူအညီများကို လုံခြုံစွာပေးပို့နိုင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံဘုံသဘောတူညီချက် အကောင် အထည်ဖော်ရေး အာဆီယံက တိုက်တွန်းသည်။
ထို့ပြင် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ၊ အချိန်မီ၊ ထိရောက်မှုရှိစွာ ပေးအပ်နိုင်ရေးအတွက် ပါဝင်သူအားလုံးကို တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံး ယုံကြည်မှု တည်ဆောက်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြေရှင်းမှုရရှိရေး၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်သော ပဋိပက္ခ ဖြေရှင်းကြရန် အာဆီယံက ဆက်လက် တိုက်တွန်းသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



