ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ထားသည့် UWSA က “၀” ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် တပ်သားသစ် ၂၀၀၀ စီ ကောက်ခံသွားရန် ပြင်ဆင်နေကြောင်း Wa News Land က သတင်းထုတ်ပြန်သည်။
ဧပြီလ ၃ ရက်နေ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ တောင်ပိုင်း ၁၇၁ စစ်ဒေသမှ တပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် UWSA တောင်ပိုင်း – ၁၇၁ စစ်ဒေသ၊ တပ်မဟာ ၇၇၈ မှ ဗိုလ်လောင်း ၂၀၀ ကျော်အပြင် တပ်သားသစ်များ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ UWSA အနေဖြင့် တောင် ပိုင်းနှင့်မြောက်ပိုင်းတွင် တပ်သားသစ် ၂၀၀၀ စီကောက်ခံသွားရန် ပြင်ဆင် သတ်မှတ်ထားကြောင်း သိရှိရသည်။
အလားတူ မတ်လ ၉ ရက်နေ့တွင်လည်း မြောက်ပိုင်းအခြေစိုက် တပ်မဟာ ၃၁၈ အဖွဲ့မှ တိုင်းရင်သားများပါဝင်သည့် ကချင်၊ လားဟူ၊ ရှမ်း၊ “ဝ” ၊ အာခါ၊ လီဆူ ဆောင်းတွင်းစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဟိုပန်ခရိုင်၊ အာဟန်းကျေးရွာမှာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- UWSA တပ်ဖွဲ့။
Photo- EPA ။
