စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကောင်းမှုတော်ဘုရားအနီးတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး စစ်ကိုင်း- ရွှေဘို ခရိုင် ချင်းဆက်လမ်းပေါ်၌ လုံခြုံရေးကင်းယူထားသော စစ်သားများက ခရီးသွားကားများထံမှ ဆက်ကြေး ကောက်နေစဉ် Burmese Revolution Force – BRF တပ်ဖွဲ့မှ ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦးနှင့် ပျူစေထီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အရာရှိကြီး ၁ ကောင်က ကောင်းမှုတော် လာမှာမို့လို့ ကင်းစောင့်ရင်း ဆက်ကြေးကောက်နေကြတာ အဲဒီ နေရာမှာက ကားတွေကို ချောဆွဲတာ ငွေညစ်တာတွေလည်း လာလာလုပ်တတ်ကြတယ်။ တပ်မ ၃၃ ကနေ ထွက်လာပြီးတော့ လမ်းဘယ်ညာမှာကား ၃ စီး ရပ်ထားပြီးတော့ ကင်းစောင့်နေကြတာပါ။ အနည်းဆုံး ၁၂ လောက်ကျော်မယ်။ အဲဒီ စစ်ခွေးတွေကို မိုင်းဆွဲခဲ့တာပါ။ ၂ ဦးကတော့ တစ်ခါတည်း သေတယ်။ သေတဲ့အထဲမှာ ၃ ပိုင်းပြတ်သွားတာ ၁ ကောင်ပါတယ်။ ၃ ကောက်ကတော့ ဒဏ်ရာရတယ်” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် တပ်မ ၃၃ အတွင်းမှ စစ်ကားများဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းပေါ်တွင် သွားနေသော ကားတစ်စီးကို ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတပ်မ ၃၃ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် Burmese Revolution Force – BRF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့မှုကို လက်စားချေသည့်အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း BRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
