စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Zo Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တမူးမြို့၌ ကင်းလှည့်နေသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ( ZA) ZO ARMY တပ်ဖွဲ့မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ZO ARMY က လက်ကြီး မရှိလို့ အဝေးပစ် လက်နက် ကိုယ်ပိုင် ထုတ်လုပ်ထားတာနဲ့ တိုက်ခဲ့ရပါတယ်။ သေနတ် ၁၀ လက် နဲ့တော့ အင်အားကတော့ ၂၀လောက်ခန့်ပါ။ လှည့်ကင်း လှည့်နေတဲ့အချိန်မှာ စစ်ခွေးတွေဘက်ကနေပြီးတော့ ပြန်လည်ပစ်ခတ်တာတော့ ရှိတယ်။ အပြန်အလှန် ပစ်ခတ်တာ မိနစ် ၄၀ လောက် ကြာပါတယ်။ အခုလို့ မပြည့်စုံတဲ့ လက်နက် ခဲယမ်းကြားထဲကနေ အခုလို တိုက်ခိုက်ခဲ့တာ အရမ်းလည်း ZO ARMY အတွက် ဂုဏ်ယူပါတယ်” ဟု Zo Army မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာဘက်ကို ရိက္ခာနှင့်လူအင်အားဖြည့်ရန် တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖတ် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မေလ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် သိန်ခွန်းရွာဘက်ကို ရိက္ခာနှင့်လူအင်အားဖြည့်ရန် တက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တမုတ်ချုံးရွာတွင် တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ်ခန့်ထိ တိုက်ပွဲ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်
ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးပြီး ၇ ဦး အပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂) ၊ တပ်ခွဲ(၂) ၊ မြိတ်ခရိုင်တပ်ရင်း (၁) ၊ တနင်္သာရီမြို့နယ် (ပကဖ) တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသပြည် သူများ၊ ခရီးသွား ပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

