ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ပျူစောထီး ၁ ဦးကို တားဆီး စစ်ဆေးစဉ် ခုခံထွက်ပြေးသွား၍ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်ပံတန်းမြို့နယ် အစပ်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ သတင်းများကို လာရောက်စုံစမ်းနေသည့် အသက် ၃၀ နှစ်အရွယ် ပျူစောထီး အေးမျိုးအောင်ကို တော်လှန်ရေး တပ်ဖွဲ့များက တားဆီးစစ်ဆေးစဉ် မှတ်ပုံတင်နှင့် ဖုန်း ၁ လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ပျူစောထီး အေးမျိုးအောင်သည် ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွယ်၊ နဂါးနီ ၄ လမ်းတွင်နေထိုင်သူဖြစ်ပြီး ၄င်း၏ဖုန်းအား ဆက်လက် စစ်ဆေးနေစဉ် ဖုန်းဝင်လာစဉ် ပျူစောထီး တစ်ဦးက တည်နေရာများ မေးမြန်းနေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ်တွင် အေးမျိုးအောင်က ပျူစောထီး အဖွဲ့ဝင်ဖြစ်ကြောင်းနှင့် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး စက်တိုင်ရပ်ကွက်တွင် ၎င်းအပါအဝင် ပျူစောထီး ၈ ဦးရှိကြောင်း၊ စစ်တပ်က ခေါ်ယူခိုင်းစေလျှင် သွားရောက် လုပ်ဆောင်ပေးရကြောင်း ထွက်ဆိုခဲ့သည်ဟုသိရှိရသည်။
အေးမျိုအောင်က ပျူစောထီး အဖွဲ့ဝင်ဖြစ်ကြောင်း ဝန်ခံခဲ့၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆက်လက် စစ်ဆေးရန် လုပ်ဆောင်စဉ် ခုခံထွက်ပြေးသွား၍ လိုက်လံ ပစ်ခတ် ဖမ်းဆီးစဉ် သေနတ်ကျည် ထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ သတင်းပေးများနှင့် ပျူစောထီးများသည် တော်လှန်ရေး တပ်ဖွဲများ ရှိရာ ဒေသများကို ဝင်ရောက်ထောက်လှမ်းမှုများ ရှိလာ၍ တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြပ် စစ်ဆေးမှုများ ပြုလုပ်နေရပြီး ရပ်ဝေးမှ လာရောက် ဈေးရောင်းကြသော ဈေးသည်များအနေဖြင့် ဒေသပြည်သူ အသိမိတ်ဆွေများထံမှ တဆင့် ဆက်သွယ်ကာ သွားလာကြပါရန် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။
