28 C
Yangon

ညောင်ရွှေမြို့နယ်ရှိ ရေပူရွာနှင့် ဘုရားတောင်ရွာကို စစ်ကြောင်းထိုးနေသော စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရေပူရွာနှင့် ဘုရားတောင်ရွာကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် ညောင်ရွှေမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကာင်စီ တပ်သားများ လက်နက်ကြီး ၆ လုံးဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားကို လိုက်လံ ပစ်ခတ်ပြီးနောက် အပြန်အလှန် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇွန်လ ၁ ရက်နေ့တွင် အင်အား ထပ်မံ ဖြည့်တင်းပြီးဇွန်လ ၂ ရက်နေ့တွင် စစ်ကြောင်းထိုးတက် ဝင်ရောက်လာစဉ် တော်လှန်ရေး ရဲဘော်များနှင့် အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများ နံနက် ၈ နာရီမှ စတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များသည် လက်နက်ကျည် အင်အားလျော့နည်းလာခြင်းကြောင့် ကင်းထိုင်ရာ ရွာ ၂ ရွာမှ ပြန်လည် ဆုတ်ပေးလိုက်ရကြောင်း၊ ထိုသို့ ဆုတ်ခွာသွားချိန်တွင် အကြမ်းဖက် စစ်သားများနှင့် PNO အဖွဲ့က ကျေးရွာနေ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ညနေ ၄ နာရီ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ညောင်ရွှေမြို့နယ် စကားအင်းဖက်ကလာပြီး ရေပူရွာနဲ့ ဘုရားတောင်ရွာ စစ်ခွေး အင်အားက ၁၀၀၀ လောက်နဲ့ စစ်‌ကြောင်းထိုးလာတာ စစ်ခွေးနဲ့ PNO ဘက်က အသေ‌အပျောက်များတယ်။ စစ်ခွေးတွေဘက်က ၁၀ ကောင်လိုက်သေတယ်။ သူတို့ ပစ္စည်းတွေကို မီးရှို့တယ် အိမ်တွေ မီးရှို့တယ်။ မီးရှို့ပြီးတာနဲ့ သူတို့ကနေပြီးတော့ PDF တွေ ရှို့တယ်ပေါ့။ PDF တွေ ရှို့တယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့က ဖန်တီးပြီးတော့ သူတို့ဘက် သတင်းမှား တင်ထားတာတွေလည်း တွေ့ရပါတယ်။ မီးရှို့တာကတော့ နေအိမ် ၁၀ လုံးထက် မနည်းဘူး။ ပြည်သူတွေ ဖမ်းဆီးတာမျိုးတော့ မရှိသေးပါဘူး။ ပြည်သူများ အနေနဲ့ တော်လှန်ရေး အင်အားစုများကို ပစ်မထားဘဲနဲ့ အမြန်ဆုံး တော်လှန်ရေး အောင်ရန်အတွက် အားလုံးကို ဝိုင်းဝန်း ကူညီပြီးတော့ တော်လှန်ရေးကို အမြန်ဆုံးပြီးအောင် ရှေ့ဆက်ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်” ဟု ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article