26.7 C
Yangon

မင်းအောင်လှိုင် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့သော်လည်း ယခု ရုရှားအကူအညီဖြင့် ပြန်ကြိုးစားနေမှု အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေဟု NUG ပြော

Must read

ရန်ကုန်၊ ဇွန် ၁၀

မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရက ရပ်တန့်နိုင်ခဲ့သော်လည်း ယခုစစ်အာဏာသိမ်းပြီးနောက် ရုရှားအကူအညီဖြင့် အဆိုပါ အိပ်မက်ကို အကောင် အထည်ဖော်ရန် ပြန်လည်ကြိုးစားနေမှုမှာ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၁၂/၂၀၂၅ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံ NLD အရပ်သားအစိုးရ လက်ထက် နျူကလီး ယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နျူကလီးယားပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်တွင် အတည် ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) ကို ၂၀၁၇ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့်အပြင် နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW) ကိုလည်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့ရာတွင် နျူကလီးယားလက်နက်များ တားမြစ်ရေး စာချုပ် (TPNW) ကိုအတည်ပြုရန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်များကို အာဏာသက်ဝင်လာစေရေး ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုခဲ့မှုကြောင့် ရပ်ဆိုင်းသွားကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နျူကလီးယား နည်းပညာ ရယူရန် ကြိုးပမ်းလာနေပြီး စစ်ခေါင်းဆောင်အဆက်ဆက်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို ကြိုးစားလာကြောင်း၊ သန်းရွှေလက်ထက်မှစတင်၍ မင်းအောင်လှိုင်အထိ နျူကလီးယားအိပ်မက်ကို အကောင်အထည်ဖော် ကြိုးစား နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုမယ်လို့ အကြောင်း ပြပြီး စစ်ရေးအတွက် နျူကလီးယား နည်းပညာ ရယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာနေတာတွေ့ရပါတယ်။ နျူကလီးယား နည်းပညာကို ပိုင်ဆိုင်ပြီး စစ်ရေးအတွက် အသုံးချဖို့ဟာ စစ်အာဏာရှင်အဆက်ဆက်တို့ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိမ်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက်ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ ရုရှကုမ္ပဏီ ROSATOM နဲ့ ပထမဆုံး နားလည်မှုစာချွန်လွှာ ထိုးခဲ့ပေမယ့် NLD အစိုးရလက်ထက်တွင် ရပ်တန့်ခဲ့ပါတယ်။ အဲဒီ့နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီ့ နျူကလီးယားအိပ်မက်ကို ပြန်လည် အသက်သွင်းလာတာဖြစ်သည်။ ၂၀၂၂ ဇူလိုင်လကနေ ၂၀၂၃ အောက်တိုဘာလအထိ ၁၅ လအတွင်း နားလည်မှုစာချွန်လွှာထိုးတာ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ဖွင့်လှစ်တာ၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်တွေပြုလုပ်တာ၊ အခုနောက်ဆုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်မှုတွေ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ဖို့ ပြင်ဆင်လာတာတွေအထိ အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ နျူကလီးယား နည်းပညာ ရရှိရေး အရှိန်မြှင့်လာမှုမှာ အာဆီယံနှင့် ဒေသတွင်း နိုင်ငံများ ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အကြမ်းဖက် နျူကလီးယားစွမ်းအင်ရရှိရေး အစီအစဉ်များကို တုံ့ပြန်ဆောင်ရွက်ကြရန် NUG က တိုက်တွန်းသည်။

“အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ နျူကလီးယားနည်းပညာရရှိရေး အရှိန်မြှင့် ကြိုးပမ်းလာမှုကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အလေးအနက် စိုးရိမ်ပူပန်မိပါတယ်။ ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအသုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ လက်ထဲကို နျူကလီးယားစွမ်းအင်သုံး လက်နက် တစုံတရာရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခုဖြစ်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နျူကလီးယားစွမ်းအင်ရရှိရေး အစီအစဉ်တွေ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ရုရှားနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးချက်အရ မြန်မာနိုင်ငံတွင် ၁၁၀ မဂ္ဂါဝပ် အသေးစားနူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားက တည်ဆောက်ပေးမည်ဖြစ်ပြီးနူကလီးယား ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည်ထပ်မံ တိုးချဲ့ နိုင်ရန်လည်း သဘောတူညီထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article