30 C
Yangon

မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရှောင်လွဲနေ

Must read

ရန်ကုန်၊ ဇွန် ၁၃

မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှောင်လွဲနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးတွင် လုံခြုံ ရေးကောင်စီ၏ အစီအရင်ခံစာ အပေါ် ဆွေးနွေးမှုပြုလုပ်စဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်း၏ မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကောင်စီမှ လက်ခံစဉ်းစားရန် လိုအပ်ချက်နှင့် စပ်လျဉ်း၍ ပြောကြား လိုကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သိသာထင်ရှားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း၊ Global Organized Crime Index ၏ အဆိုအရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးတွင် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ် ကျူးလွန်မှု အများဆုံးနိုင်ငံ အဖြစ် ရပ်တည်လျက် ရှိပါကြောင်း၊ အွန်လိုင်းအခြေပြုမှုခင်းများ တိုးပွားလာမှုကြောင့် လူကုန်ကူးမှုပြဿနာများလည်း ပိုမိုဆိုးရွားလာခဲ့ပါကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန် ကို လုံခြုံရေးကောင်စီ မှ ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွဲနေကြကြောင်း၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်း အဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ် တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီးပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ အချက်အလက်များအရ အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် နှစ် စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ ဝင်ငွေရရှိကြကြောင်း၊ မြန်မာနိုင်ငံအခြေအနေ၏ အရင်းခံအကြောင်း တရားများနှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာမှ အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးမှုများ သိသိသာသာလိုအပ်နေသည်မှာ ထင်ရှားကြောင်း၊ အတွင်းရေးမှူးချုပ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ အထူးအစီရင်ခံစာ တင်သွင်းသူ နှင့် အာဆီယံအဖွဲ့တို့ကလည်း ပဋိပက္ခ၏ ကမ္ဘာလုံးဆိုင်ရာ အကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အလေးအနက်ထား အတည်ပြုပြောကြားခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီသည် ဤငြင်းဆိုမရသော အထောက် အထားများကို အခြေပြု ၍ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြ ပြောဆိုသည်။

ထို့ပြင် မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ အပိုဒ် ၃၁ နှင့် စပ်လျဉ်း၍ အလို ရှိသည့်အခါမှသာ အသုံးချလျက်ရှိခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးတကြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေသော်လည်း၊ အခု အထိ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ တိတ်ဆိတ်လျက်ပင် ရှိနေသေးကြောင်း ၎င်းက ရှင်းပြသည်။

အာဆီယံ အနေဖြင့်လည်း မြန်မာနိုင်ငံ ကိစ္စ ကို အာဆီယံ တစ်ခုတည်း က ကိုင်တွယ်ရန် မဖြစ် နိုင်ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂ အနေဖြင့် အကောင်းဆုံး ကူ ညီပေးရန် လည်း ထုတ်ဖော်ပြောကြားထားပြီးဖြစ် ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ် သက် ၍ ချမှတ်ထားသည့် ဆုံးဖြတ်ချက် ၂၆၆၉ ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး နှင့် ပုံမှန်အစီရင်ခံမှု ယန္တယား ထားရှိရေး စသည့်အချက်များ ပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် အဆို ကို ချမှတ်ရန် လိုကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အခြား ကုလသမဂ္ဂအေဂျင်စီများ အကြား ဟန်ချက်ညီညီ၊ ညှိနှိုင်းမှု ရှိရှိ အရေးယူ ဆောင်ရွက်မှု ရှိရန် လိုကြောင်း၊ လုံခြုံရေးကောင်စီတွင် လက်ရှိဖြစ်ပေါ်နေသော ရှေ့မတိုးနိုင်မှု ကို ထည့်သွင်း စဉ်းစားကာ စစ်အုပ်စုက အရပ်သားများကို ထပ်မံသတ် ဖြတ် မှုများ ရပ်တန့်စေရန် အထွေ ထွေ ညီလာခံ အနေဖြင့် အခြားသော သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အေဂျင်စီ များနှင့် အတူ တစ်စိုက် မတ်မတ်ရှိပြီး၊ ပိုမို အလေးအနက် ထားကာ သင့်တင့်လျောက်ပတ်သော ဆောင်ရွက်ချက်များဖြင့် အရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်ကောင်စီထံသို့ လက်နက်များ၊ ဂျက်လေယာဉ်လောင်စာဆီနှင့် စစ်ဘက် အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများ လွှဲပြောင်းခြင်းနှင့် တင်ပို့ခြင်းကို ရပ်တန့်ရန် မိမိတို့၏ တောင်းဆိုချက်သည် အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ နေ့စဉ်နှင့်အမျှ ကြိမ်ဖန်များစွာ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်ခံရမှုများကြောင့် အသက်ဆုံးရှုံးကာ ဒုက္ခခံစားနေရသော မြန်မာ ပြည်သူများ၏ အတွေ့အကြုံများကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် မြန်မာပြည်သူများ၏ ကိုယ်ပိုင် ဆုံးဖြတ်မှု အပေါ် အခြေပြု ဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအခြေအနေအားမည်သို့၊ မည်ပုံ ဖြေရှင်း ကိုင်တွယ်မည် နှင့် စပ်လျဉ်း၍ မတူညီသောအမြင်များ ရှိနိုင်ပါကြောင်း၊ သို့ရာတွင် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးသော အခြေအနေ တွင်ပင် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး၊ အဆိုးဆုံး အခြေအနေတွင် ရေရှည်ကျရှုံးမှုကို ဉီးတည် သွားနိုင်ပါကြောင်း၊ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဉီးဆောင် ဉီးရွက်ပြု သော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်သည်ဟု ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ အသံများနှင့် ဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ဗဟိုပြု၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အချိန်တန်ပြီ ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်း၏ မိန့်ခွန်းတွင် ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article