ရန်ကုန်၊ ဇွန် ၁၅
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် မောင်စစ်သွေးသူရပိုင် အပါအဝင် ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရှိ အကြမ်းဖက် စစ်တပ်၏ ၃၀၇ ရွှေဝါ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများသည် ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက် ရွှေချောင်းရွာ အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်စစ်သွေးသူရပိုင် နှင့် အသက် ၂၈ နှစ်အရွယ် မစုမွန်လှိုင် တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဦးကျော်သူရလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ၂၆၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျောက်တံခါးမြို့နယ်၊ နွားရေချောင်းကျေးရွာ အတွင့်းကို ထပ်မံ ပစ်ခတ်ခဲ့ပြီး နွားရေချောင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၆၅ နှစ်အရွယ် ဒေါ်မြခင်နှင့် အသက် ၃၉ နှစ်အရွယ် ကိုစိုးသူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးတယ်။ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ အရပ်သား ပြည်သူတွေကို ဦးတည် တိုက်ခိုက်နေတဲ့ အတွက် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ပြည်သူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးကြီးကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်၏ ခမရ ၃ တပ်ရင်း စခန်းမှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၄ နှစ်အရွယ် စောငွေလာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး စောအောင်ဘိုဘို အပါအဝင် ပြည်သူ ၄ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး နှင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ထို့ပြင် ကျိုက်ထိုမြို့နယ်၊ ဘုရားရွာကိုလည်း အကြမ်းဖက် စစ်တပ်၏ ဘီးလင်းမြို့နယ်၊ ဘုရားရွာ အနီးတပ်စွဲထားသော အမှတ် ၄၄ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခမရ ၃ တပ်ရင်းစခန်းမှ စစ်ကောင်စီ တပ်သားများက ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။



