စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့ တောင်ဖက် အထွက် ကြာဖူးအဝိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဂါဝီပန်းခြံဂိတ်နှင့် တိုင်းရင်းဆေးရုံဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဂိတ်ကတော့ ခွေးအင်အားက ကြားဖူးမှာ အကောင်ရေ ၅ ကောင်ကနေ ၁၅ ကောင်ကြားတော့ အမြဲတမ်း ရှိတယ်။ တိုင်းရင်းကျတော့ ကျွန်တော်တို့ အင်အားကို စုံစမ်းဆဲပါ။ ခွေးထိခိုက်သေစာရင်းကို ကျွန်တော်တို့ စုံစမ်းဆဲနေတုန်းပဲ ရှိပါသေးတယ်။ သေချာမပြောနိုင်သေးပါဘူး။ စစ်ခွေးတွေ ဘက်ကတော့ လက်နက်ငယ်တွေနဲ့ ဒရုန်းချပြီ ဆိုတာနဲ့ ရမ်းပစ်ခတ်တာတော့ ရှိပါတယ်”ဟု YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်း လှုပ်ရှား ယူနစ်များဖြစ် ကြသော Ye-U Freedom Comrades(YFC) ၊ ဝံပုလွေ အဖွဲ့တို့နှင့်အတူ 5/မဟူရာ ကျွဲရိုင်း(ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး Farmer Hero(ခင်ဦး ပြည်သူ့လုံခြုံရေးအဖွဲ့)မှ ကင်းထောက် Drone တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
