26 C
Yangon

မြန်မာစစ်အုပ်စုကို စစ်လေယာဥ်ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအားလုံးကို Airbus ပြန်ရုပ်သိမ်း

Must read

ရန်ကုန်၊ ဇွန် ၁၉

မြန်မာစစ်အုပ်စုထံ Y-12 နှင့် K-8 အပါအဝင် စစ်လေယာဥ်များ ရောင်းချနေသည့် AviChina Industry & Technology Company Limited (AviChina) မှ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ထုတ်ပြန်လိုက်သည်။

ထိုသို့ ရင်းနှီးမြှပ်နှံမှုများကို ပြန်ရုပ်သိမ်းလိုက်သည့် Airbus ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို Justice For Myanmar၊ Info Birmanie နှင့် Blood Money အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များက ကြိုဆိုလိုက်ကြသည်။

တရုတ်လက်နက်ကုမ္ပဏီ AVIC ၏ ကုမ္ပဏီခွဲဖြစ်သော AviChina Industry & Technology Company Limited တွင်ရှိသော Airbus ၏ များပြားသည့် ရင်းနှီးမြှုပ်နှံမှုများကို Justice For Myanmar နှင့် Info Birmanie တို့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အစီရင်ခံစာထုတ်ပြန် ဖော်ထုတ်ခဲ့သည်။

Airbus သည် AviChina တွင် ရှယ်ယာ ၅.၀၃ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တစ်ခုတည်းသော အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ စာရင်းအရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ရှိသည်ဟုသိရသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းလိုက်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ ဆန္ဒပြတောင်းဆိုသူများနှင့် လူပုဂ္ဂိုလ်အသီးသီးပါဝင်သော အုန်းအုန်းကျက်ကျက် လှုပ်ရှားတောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

အဆိုပါအရေး တက်ကြွလှုပ်ရှားသော ကမ္ဘာအရပ်ရပ်မှ အဖွဲ့အစည်းအသီးသီးသည် Airbus ကုမ္ပဏီအား Aviation Industry Corporation of China (AVIC) အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြု၍ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများအား ရပ်ဆိုင်းစေရန်၊ သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဖိအားပေးခဲ့ကြသည်။

AviChina သည် K-8 လေ့ကျင့်ရေး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ် အပါအဝင် လေယာဥ်များ၊ ဆက်စပ်ပစ္စည်းနှင့် နည်းပညာများကို မြန်မာစစ်တပ်ထံ ရောင်းချပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်သည် အဆိုပါလေယာဥ်များဖြင့် တစ်နိုင်ငံလုံးကို လှည့်ပတ် ဗုံးကြဲတိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

မြန်မာ့လေတပ်သည် ထိုသို့ နိုင်ငံခြားတိုင်းပြည်များရှိ မိတ်ဖက်များထံမှ လေယာဉ်နှင့် ဆက်စပ်စစ်လက်နက်များ၊ နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းမွမ်းမံဝန်ဆောင်မှုများ ဆက်လက်ရရှိနေခြင်းကြောင့်သာ ၎င်းတို့၏ ဝေဟင်အကြမ်းဖက်စစ်ဆင်ရေးကို ဆင်နွှဲနေနိုင်ခြင်းကြောင်း အဆိုပါအဖွဲ့အသီးသီးကဆိုသည်။

Airbus သည် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုကို ၂၀၂၅ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ Airbus ၏ ပြောရေးဆိုခွင့်ရှိသူက “Airbus SE ကုမ္ပဏီအနေနဲ့ Aviation Industry Corporation of China (AVIC) ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ AviChina Industry & Technology Company Limited က ရှယ်ယာအားလုံးရောင်းချမှုကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ Airbus အနေနဲ့ AVIC မှာ မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မရှိတော့ပါ” ဟု Justice For Myanmar နှင့် Info Birmanie အဖွဲ့များထံ အီးမေးလ်ဖြင့် အကြောင်းပြန်ခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က-

“Airbus ရဲ့ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းက မြန်မာစစ်အုပ်စုဆီ စစ်လေယာဉ်တွေနဲ့ ဆက်စပ် စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့ တရုတ်အစိုးရတို့အတွက် ဘဏ္ဍာရေးနဲ့ ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ပေးဆပ်ရမှုတွေ ရှိမယ်ဆိုတာကို ပြတ်သားတဲ့သတင်းစကားပါးလိုက်ခြင်း ဖြစ်ပါတယ်”။

“တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး နည်းပညာတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အဓိကရောင်းချထောက်ပံ့တဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပြီး၊ ယခုလို ကြံရာပါ ပတ်သက်မှုကို အဆုံးသတ်ဖို့ လိုပါတယ်” ဟုပြောဆိုသည်။

Info Birmanie ၏ ညှိနှိုင်းရေးမှူး ဂျိုဟန်နာချာဒွန်နီးရပ်စ်က-

“အခုရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းခြင်းက အထူးသဖြင့် ဗမာစစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင် ပတ်သက်နေကြတဲ့ ဥပရောပကုမ္ပဏီတွေ အပါအဝင် အခြားကုမ္ပဏီတွေအတွက် သတိပေးတပ်လှန့်မှု တစ်ရပ်ဖြစ်ရပါမယ်။ နိုင်ငံအဆင့်၊ ဥရောပအဆင့်၊ နိုင်ငံတကာအဆင့်တွေမှာ စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာမူဘောင်တွေ ရှိကြပါတယ်။ ဗမာစစ်အုပ်စု ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုမှတ်တမ်း မြောက်မြားစွာလည်း ရှိနေပြီး၊ ကုမ္ပဏီတွေအနေနဲ့ ဆက်ပြီး လျစ်လျူရှုလို့ရနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money) ၏ ပြောရေးဆိုခွင့် ရှိသူ မူလန်ကလည်း-

“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article