ရန်ကုန်၊ ဇွန် ၂၈
ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus က မြန်မာစစ်တပ်ကို တိုက်လေယာဥ်နှင့် လက်နက်များ ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းသည် ကြီးမားသောအောင်ပွဲတစ်ခုဟု Justice For Myanmar (JFM) ကြွေးကြော်လိုက်သည်။
မြန်မာစစ်အုပ်စုကို ထောက်ပံ့ပေးနေသည့် စီးပွားရေးလုပ်ငန်းများအား ရပ်တန့်စေရေးအတွက် တရုတ်လေကြောင်းလက်နက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် ကမ္ဘာတစ်ဝန်းမှ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် လူပုဂ္ဂိုလ်များထံမှ ကြီးမားသည့် ဖိအားပေးတောင်းဆိုမှုများ ရှိလာခဲ့ပြီးနောက် ဥရောပ Airbus ကုမ္ပဏီကြီးသည် တရုတ်စစ်လက်နက်ကုမ္ပဏီ AviChina ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်က- ရက်စက်ကြမ်းကြုတ်မှုများတွင် လောင်စာဖြည့်ကူညီနေသည် (ဆိုးရွားသည့်) အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်းကို AVIC နှင့် တရုတ်အစိုးရအတွက် သတိပေးချက်တစ်ရပ် ဖြစ်ခဲ့ကြောင်း Justice For Myanamr က သတိပေးပြောဆိုခဲ့သည်။
AVIC သည် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် စစ်လေယာဉ်များ အပါအဝင် စစ်လက်နက်များကို မြန်မာစစ်အုပ်စုထံ တစိုက်မတ်မတ် ရောင်းချထောက်ပံ့နေသည့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည်။
စစ်အုပ်စုသည် AVIC မှ လေယာဥ်၊ လက်နက်ခဲယမ်းများအပါအဝင် ၄င်း၏မိတ်ဖက်နိုင်ငံများမှ ရရှိသော စစ်လက်နက်များဖြင့် မြန်မာနိုင်ငံတွင်း ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများအား ဆက်လက်တိုက်ခိုက် သတ်ဖြတ်နေခြင်းလည်းဖြစ်သည်၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေး အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို AVIC နှင့် ယင်း၏ကုမ္ပဏီခွဲများက လောင်စာဖြည့် ကူညီနေခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ နည်းပညာများနှင့် လေ့ကျင့်သင်ကြားမှုများကို ထောက်ပံ့ပေးအပ်နေသည့် အဓိကနိုင်ငံအဖြစ် ရှိနေသေးပြီး၊ ယင်းကြံရာပါမှုကိုပါ အဆုံးသတ်ရမည်ဖြစ်ကြောင်းလည်း JFM ကထုတ်ပြန်သည်။
Airbus အနေဖြင့် နောက်ထပ်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် AVIC အား မြန်မာစစ်တပ် အတွက် ပံ့ပိုးမှုအားလုံးကို ဖြတ်တောက်စေရန် AVIC အပေါ်တွင် ရှိနေသေးသည့် ၄င်း၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုရန် သို့မဟုတ်ပါက AVIC နှင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကိုပါ တစ်ပါတည်း ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုကြောင်းနှင့် ယခုကဲ့သို့ Airbus ၏ ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းခြင်းသည် ကြီးမားသည့်အောင်ပွဲတစ်ရပ်ဖြစ်သော်လည်း တိုက်ပွဲသည် မပြီးဆုံးသေးကြောင်း JFM က သတိပေးထုတ်ပြန်ခဲ့သည်။
==================
ကြီးမားသော အောင်ပွဲတစ်ခုဟု ဆိုလိုက်သည့် တရုတ်လက်နက်ကုမ္ပဏီ AVIC မှ ရင်းနှီးမြှုပ်နှံမှုများကို Airbus ကပြန်လည်ရုပ်သိမ်းခဲ့မှုအတွင်း ကမ္ဘာတဝန်းမှ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အသီးသီးတို့ တောင်းဆိုလှုပ်ရှားခဲ့ကြသည့် မှတ်တမ်းပုံရိပ်များကို ပြန်လည်ကြည့်ရှုနိုင်ရန် JFM က အောက်ပါလင့်များကို ပြန်လည်ဖြန့်ဝေခဲ့သည်။
Airbus ၏ ကြံရာပါပတ်သက်မှုကို ဖော်ထုတ်ခဲ့သည့် ကျွန်ုပ်တို့နှင့် Info Birmanie တို့၏ အစီရင်ခံစာ https://buff.ly/DWdCU3X
#Airbusted နှင့် #Airbus2Airstrikes တို့အပါအဝင် hashtags များအသုံးပြု၍ လူမှုကွန်ရက်လှုပ်ရှားမှု များတွင် လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် Airbus ၏ ဆက်နွှယ်မှုများကို မီးမောင်းထိုးပြသရန် Airbus ၏ အရောင်းမြှင့်တင်ရေးကြော်ငြာကို သရော်ထားသည့် Airbusted Airlines ကို ကြည့်ရှုရန် https://buff.ly/XxxdFP5
Blood Money – သွေးစွန်းငွေ ၏ ဦးဆောင်မှုဖြင့် အဖွဲ့အစည်းပေါင်း ၃၄၀ ကျော်တို့သည် Airbus ၏ ရှယ်ယာရှင်များဖြစ်သည့် ပြင်သစ်၊ ဂျာမဏီနှင့် စပိန်အစိုးရတို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့မှု https://buff.ly/xibfkMt
Burma Campaign UK က Airbus စီအီးအိုထံ စာရေးသား ပေးပို့သည့် လှုံ့ဆော်မှုတစ်ခုကို စီစဉ်ဆောင်ရွက်ခဲ့မှု https://buff.ly/Y5aiNbp
မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်မှုကြီးများအား လောင်စာဖြည့်ကူညီနေမှုအား ရပ်တန့်ရေး Airbus အား တောင်းဆိုမှုတွင် လူပေါင်း ၆၀၀၀ နီးပါး လက်မှတ်ထိုး ပါဝင်ခဲ့ကြသည်။ https://buff.ly/0U5Kvyo
လန်ဒန်၊ နယ်သာလန်နှင့် လေကြောင်းတိုက်ခိုက်မှုများ၊ ဆိုးရွားသည့်ဖိနှိပ်မှုအန္တရာယ်များ ရင်ဆိုင်နေရ သည့် မြန်မာပြည်တွင်းမှာပင် ဆန္ဒပြမှုတောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။
လန်ဒန်ရှိ Airbus ရုံး အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည့် Stars of Myanmar Friendship အဖွဲ့ ၏ ဓါတ်ပုံများ https://buff.ly/1qyvMVE
လှုပ်ရှားတောင်းဆိုမှု၏ အောင်မြင်မှုအကြောင်း သတင်းစကားပါးမှု https://buff.ly/1L1v3qI
အမ်စတာဒမ်မြို့ တွင် Airbus ၏ နှစ်စဉ်ရှယ်ယာရှင်အစည်းအဝေးလုပ်ဆောင်နေစဉ် နယ်သာလန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ အပြင်ဘက်တွင် ဆန္ဒပြမှုများ လုပ်ဆောင်နေသည့် ဓါတ်ပုံများ https://buff.ly/ggGAxgl
မြန်မာနိုင်ငံမှ သပိတ်ကော်မတီများနှင့် ပြည်သူများက “ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်ပြီး အကျိုးအမြတ်ရှာဖွေနေမှု ရပ်တန့်ရေး”၊ “စစ်အုပ်စုထံ AVIC မှ လေယာဉ်များ ရောက်ရှိနေမှုကို ရပ်တန့်ရေး” ကြွေးကြော်သံဆိုင်းဘုတ်များဖြင့် Airbus အား တောင်းဆိုခဲ့။ https://buff.ly/0KDYz1e
ဒိန်းမတ်ပင်စင်ရန်ပုံငွေအဖွဲ့ ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများက Airbus Holdings ထံ မေးမြန်းမှုများ ပြုလုပ်ခဲ့မှု
https://shorturl.at/5D7JX
မြန်မာအရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့သည် နယ်သာလန်နိုင်ငံတွင် OECD တိုင်ကြားချက်တစ်ရပ်ကို အမှုဖွင့်ခဲ့သည်။
https://buff.ly/5PzUd49
စောင့်ကြည့်ရေးအဖွဲ့များသည် Airbus နှင့် သက်ဆိုင်ရာကုမ္ပဏီများထံ အသိပေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။
→ Business & Human Rights Resource Centre က Airbus နှင့် AVIC နှင့် ဆက်စပ်ကုမ္ပဏီများထံ ပေးပို့သည့် ပေးစာ။ https://buff.ly/KNoUwob
→ Facing Finance က ဂျာမန်ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်အတူ ယင်းအကြောင်းအရာကို မီးမောင်းထိုး ရေးသားဖော်ပြခဲ့ကြမှု https://buff.ly/5RrhShJ


