ရန်ကုန်၊ ဇူလိုင် ၄
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် လယ်ဒိုမြို့နယ်အတွင်း ပိန်းဇလုတ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ တောင်ငူ လေတပ်မှ ဝဲကြီးဝဲဒေါ ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းကြောင့် အသက် ၃၅ နှစ် အရွယ် ဒေါ်သီတာဦး၊ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးအေးဦး ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ရွှေ ၊ အသက် ၄ နှစ် အရွယ် မောင်ဇွဲပြည့်တို့ သေဆုံးခဲ့ပြီး ပြည်သူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့ ည ၇နာရီ ၂၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်အတွင်း ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၅နှစ် အရွယ် ဦးညားသောင်းတင် သေဆုံးခဲ့ရပြီး နေအိမ် ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ နေ့စဉ်ဖြစ်ပွားနေပြီး စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်းKNU ဗဟိုက ပြောဆိုထားသည်။



