31 C
Yangon

အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် ရာခိုင်နှုန်းထပ်မံတိုးမြှင့်မည်ဟု အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင်ထံသို့ စာရေးအသိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၈

အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် အခွန်ရာခိုင်နှုန်းထပ်တိုးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က အကြမ်းဖက်မင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့၍ ပြောဆိုလိုက်သည်။

ဇူလိုင်လ ၇ ရက်နေ့ မင်းအောင်လှိုင်အပါအဝင် ထိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘော ဒီးယား အပါအဝင် နိုင်ငံများမှ ခေါင်းဆောင်ဆိုသူများထံသို့ လိပ်မူ၍ အမေရိကန်သမ္မတထရမ့်က ယင်းကဲ့သို့ စာရေးသားပေးပို့ကာ အမေရိကန်သို့ တင်ပို့သည့် ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်ခြင်းဖြစ်သည်။

လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့မည့် ထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ အခွန်ရှောင်ရန် မြန်မာထုတ်ကုန်များကို အခြားနိုင်ငံများမှတစ်ဆင့် တင်ပို့ခြင်းများ လုပ်ဆောင်ပါက ထပ်မံ၍ အခွန်တိုးမြှင့်မည်ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ပေးပို့သည့် အမေရိကန်သမ္မတထရမ့်၏ စာတွင် ဖော်ပြထားသည်။

မြန်မာကုမ္ပဏီများအနေဖြင့် အမေရိကန်တွင် လာရောက် တည်ဆောက် ရင်းနှီးမြှုပ်နှံပြီး ကုန်များထုတ်လုပ်ပါက မည်သည့်အခွန်မှ ကောက်ခံမဟုတ်ကြောင်း အမေရိကန်သမ္မတ ထရမ့်ကဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၈ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် RT သတင်းဌာန နှင့်အင်တာဗျူးတွင် အမေရိကန်က မြန်မာထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်မှုမှာ မဖြစ်သင့်ကြောင်း၊ အမေရိကန်နှင့်မြန်မာနိုင်ငံတို့အကြားတွင် ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော် လည်း အမေရိကန်က သွင်းကုန်များအပေါ် အခွန်တိုးကောက်မှုမှာ မဖြစ်သင့်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

“ကျနော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမား မရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျနော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကိုဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့ နှစ်တွေမှာလည်း ကျနော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်းကောက်တာတွေ ရှိတယ်။ တရုတ်နိုင်ငံ အပေါ်လည်း တော်တော်လေးကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျနော်တော့ ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံတွေ အပါအဝင်ပေါ့လေ အခွန်တွေတိုးကောက်တယ်လို့သိရပါတယ်။ အမှန် ကတော့ မကောက်သင့်ဘူးလို့ ကျနော်တော့ယူဆပါတယ်။ ဘာကြောင့်ကောက်လဲ တော့ ကျနော်တို့လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့” ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အမေရိကန်က မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်း၊ လာအို ထုတ်ကုန်များကို အခွန် ၄၀ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားထုတ်ကုန်များကို အခွန် ၃၆ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်များကို ၃၅ ရာခိုင် နှုန်း၊ အင်ဒိုနီးရှား ထုတ်ကုန်များကို အခွန် ၃၂ ရာခိုင်နှုန်း၊ မလေးရှားထုတ်ကုန်များကို အခွန် ၂၅ ရာခိုင် နှုန်း၊ ထိုင်းထုတ်ကုန်များကို အခွန် ၃၆ ရာခိုင်နှုန်း စသည်ဖြင့် တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article