ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ရရှိအောင် တိုက်ခိုက်ပေးလျှင် အပိုင်စားအုပ်ချုပ်ခွင့်ပေးမည်ဟုဆိုကာ DKBA ဗိုလ်ဘိအဖွဲ့ကို စစ်ကောင်စီက မက်လုံးပေး စစ်ကူတိုက်ခိုင်းနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကရင့်တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်စိုးမိုးထားသည့် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ် ရန်အတွက် အကြမ်း ဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုး၍ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီက DKBA ဗိုလ်ဘိအဖွဲ့ကိုလည်း အဆိုပါလမ်းပိုင်းရရှိအောင် တိုက်ခိုက်ပေးပါက အပိုင်စားပေး၍ အခွန်ကောက် ခွင့်ပေးမည်ဟု မက်လုံးပေး စစ်ကူတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ နံနက်အစောပိုင်း အကြမ်းဖက် စစ်တပ်၏ ကျုံဒိုး ၅၄၅ တပ်ရင်းနှင့် ဂျိုင်းတံတားမှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီး အလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြေပြင် တွင်လည်း စစ်တပ် စစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
လက်ရှိ ဂျိုင်းတံတားနှင့် ကျုံဒိုး ခမရ ၅၄၅ တပ်တွင် DKBA ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ ခန့်ရောက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဆက်တိုက် ပစ်ခတ်ပေးကာ မိုးထဲရေထဲ စစ် ကြောင်း ထိုးခိုင်း နေသည့် အတွက် ရှေ့တန်းစစ်ကြောင်းကအရာရှိအရာခံများနှင့် နောက်တန်း ကျုံဒိုး စစ် ဗျူဟာမှ တပ်မှူးများနှင့် ပြသနာဖြစ် နေကြောင်း ကရင်ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ကရှင်းပြ သည်။
ဇူလိုင်လ ၁၀ ရက်နေ့ ဖြစ်ပွားခဲ့သည့် အုန်းတစ်ပင်ရွာတိုက်ပွဲတွင် DKBA နှင့်စစ်ကောင်စီဘက်မှ အထိ အခိုက်များ၍ တောင်ကလေး ဆေးရုံသို့ ဒဏ်ရာရရှိသူ ၁၀ ဦး ကျော်ပို့ထားရကြောင်း၊ ယင်းနောက် စစ်တပ်နှင့် DKBA က တပ်လန်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။


