ရန်ကုန်၊ ဇူလိုင် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် သီပေါမြို့အခြေစိုက် ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ ၂၃ တပ်ရင်းစခန်းသို့ တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က သီပေါမြို့ကို ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ လုပ် ဆောင်လျက်ရှိသည်။
ဇူလိုင်လ ၁၉ ရက်နေ့လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကျဲချခဲ့ကြောင်း၊ ထိုဗုံးသည် ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အ.မ.က ၁ ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကောင်စီတပ်က လေကြောင်းဖြင့် သီပေါမြို့ကို ဇူလိုင်လ ၄ ရက်နေ့တွင် ၁ ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ၁ ကြိမ်၊ ဗုံးကျဲချခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ အခြားပြည်သူ ၅ ဦးမှာလည်းဒဏ်ရာရရှိကာ နေအိမ် ၁၃ လုံးနှင့် အဆောက်အဦး ၆လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မကြာမီ စစ်တပ်က သီပေါမြို့သို့ ထိုးစစ်ဆင်တော့မည်ဆိုသော သတင်းများကြောင့် သီပေါမြို့မှ ပြည်သူများမှာ အလုံးအရင်းဖြင့် ထွက်ခွာ စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သီပေါမှာတော့ အကုန်ရှောင်ကြပြီ။ စစ်တပ်ကလည်း ထိုးစစ်ဆင်တော့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေတယ်။ လေကြောင်းတိုက်ခိုက်တာတွေလည်း အကြိမ်ရေများလာတယ်။ အဲဒါကြောင့် တော်တော်များများ စစ်ဘေးရှောင်နေကြပြီ။ အိမ်စောင့်လောက်ပဲ ထားခဲ့ကြတယ်” ဟု သီပေါမြို့မှ ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း သီပေါမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ထားစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
