33 C
Yangon

ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်သည်ဟု စစ်ကောင်စီ၏ ကြေညာမှု ခံထားရသော NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရန် မင်းအောင်လှိုင်က ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ယမန်နေ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပထမအကြိမ် ပြင်ဆင်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် အဖြစ် ထပ်မံ ပြင်ဆင်ရာတွင် အခန်း (၃) ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်း၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ဖြစ်သော ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ ဆိုသော ပြဋ္ဌာန်းချက်အောက် ပုဒ်မခွဲငယ် (၁၁) အဖြစ် ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း ကို အသစ်ထပ်မံ ဖြည့်စွက် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများကို ကျူးလွန်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထပ်မံ ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီထံတွင် ပြန်လည် မှတ်ပုံတင်ထားခြင်းမရှိသော NLD ပါတီအနေဖြင့် အဆိုပါ ပြင်ဆင် ပြဋ္ဌာန်းချက် အသစ်အရ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့သည့် အခြေအနေသို့ ထပ်မံဆိုက်ရောက်သွားခြင်းဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ တော် အာဏာကို အကြမ်းဖက်သိမ်းယူခဲ့ပြီး သမ္မ တ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ကာ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှု၊ လာဘ်ပေးလဘ်ယူမှုများ ကျူးလွန်သည်ဟုဆိုကာ နှစ်ရှ​ည်ထောင်ဒဏ်များ ချမှတ်ထား ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၅ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး ခရီးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article