နိုင်ငံတကာဝရမ်းပြေး မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီကနေ စစ်ကော် မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်၊ ကယား/ကရင်နီ ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ပြည်နယ်နဲ့တိုင်း (၉) ခုက မြို့နယ် (၆၃) မြို့နယ်ကိုလည်း အရေးပေါ်အခြေအနေ ကြေညာကာ တိုင်းစစ်ဌာနချုပ် နဲ့ တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေး အာဏာပေးအပ်ခဲ့ပါတယ်။
ဒီမြို့နယ်တွေဟာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သူ့ဆီကို သတင်းပို့ကြတာကြောင့် (၆၃)မြို့နယ်ကိုပဲ ကြေညာပုံရပါတယ်။ တကယ်တမ်းမြေပြင်မှာက NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက် ထိန်းချုပ်ထားတဲ့၊ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြို့နယ်ဟာ (၆၃) မြို့နယ်မကပါဘူး။ နောက်ပြီး သူ ဒီလို ကြေညာလိုက်တာဟာ ဒီဒေသတွေကို သူမထိန်းချုပ်နိုင်ဘူးဆိုတာကို ဝန်ခံရာလဲရောက်တာကြောင့် လျှော့ပေါ့ပြီး ကြေညာတာ လို့လည်း တွက်ဆလို့ရပါတယ်။
ဒီဒေသတွေမှာ ယခင်ကထက် ပိုတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတော့မယ့် အခြေအနေဖြစ်တယ်ဆိုတာကို ဝိုင်းပြောကြလို့မှ မဆုံးသေးဘူး ဩဂုတ်လ (၂) ရက်နေ့မှာပဲ မိုးကုတ်က လူနေရပ်ကွက်တခုကို အကြမ်းဖက် လေတပ်က ဗုံး (၂) လုံးကြဲချတာ သံဃာ (၁) ပါး၊ ကလေး (၁) ဦး၊ အမျိုးသမီးတွေအပါအဝင် ပြည်သူ (၁၂) ဦး သေဆုံးပြီး (၁၄) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီ (၆၃) မြို့နယ် ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ပိုလုပ်လာတော့မယ်ဆိုတော့ ကျန်တဲ့ မြို့နယ်တွေက ပြည်သူတွေကရော အေးအေးဆေးဆေးနေလို့ရပြီလား ဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဒီမေးခွန်းကို ဖြေရရင်တော့ မရဘူးလို့ဘဲ အဖြေထွက်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သူတို့ မတရားလုယူဖို့ ကြိုးစားနေတဲ့ တိုင်းပြည်ရဲ့ အာဏာကို တရားပါတယ်ဆိုတဲ့ ဆိုင်းဘုတ်တခု ကပ်နိုင်ဖို့အတွက် တရားမဝင်အတုအယောင်လုပ်ပွဲတခုကို ရွေးကောက်ပွဲလို့ အမည်တပ်ပြီး မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားဖို့ သူတို့ရဲ့ ဖွဲ့စည်းပုံတွေကို ပြောင်းလိုက်တာဖြစ်ပါတယ်။ အဲဒီ့တော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ (၆၃) မြို့နယ်ကိုတော့ စစ်ရေးအရှိန်မြှင့်၊ ရက်စက်မှုအရှိန်မြှင့်ပြီး နယ်မြေတွေပြန်ရအောင်လုပ်မှာဖြစ်သလို၊ ကျန်တဲ့ မြို့နယ်တွေက ပြည်သူတွေကိုလည်း ဖိနှိပ်မှုအရှိန်မြှင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအရှိန်မြှင့်ပြီး တရားမဝင် အတုအယောင်လုပ်ပွဲမှာ မဲဝင်ပေးကြဖို့ ဇွတ်ရော အတင်းရော လုပ်ဆောင်သွားမယ့်သဘောကိုတွေ့ရပါတယ်။
ပြည်သူလူထုအပေါ် လူမဆန်တဲ့ ရက်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ပြီးတိုင်းမှာ ဒါတွေဟာ ဥပဒေနဲ့ အညီလုပ်တာပါဆိုတဲ့ စကားကို ဂါထာတပုဒ်လို ရွတ်လေ့ ရွတ်ထရှိတာဟာ စစ်အာဏာရှင်တိုင်းရဲ့ စိတ်ရောဂါတမျိုးပါပဲ။ မင်းအောင်လှိုင်မှာလဲ အဲဒီ့ စိတ်ရောဂါရှိပါတယ်။ မင်းအောင်လှိုင်ဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု(Privacy) ချိုးဖောက်မှုတွေကို စိတ်ထင်တိုင်းလုပ်နိုင်ဖို့အတွက် သမ္မတ ဦးထင်ကျော်လက်ထက် ၂၀၁၇ ခုနှစ် မတ်လ (၈) ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ”ထဲက ပုဒ်မ ၃ ခု( ပုဒ်မ ၅၊ ၇၊ ၈) တို့ကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတော့တယ်။ ဒီဥပဒေဟာ စစ်အာဏာရှင်အဆက်ဆက် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု(Privacy) နဲ့ လုံခြုံမှု(Security)တွေကို ထင်သလိုချိုးဖောက် ထိပါးနေခဲ့တဲ့ လုပ်ရပ်တွေကို ဥပဒေဘောင်အတွင်းကနေ အကာအကွယ်ပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်မှာ အနိုင်ရခဲ့တဲ့ ကာလမှာ ခက်ခက်ခဲခဲနဲ့ အတည်ပြုပြဌာန်းနိုင်ခဲ့တဲ့ ဥပဒေတခုဖြစ်ပါတယ်။
အခုတော့ အဲဒီ့ ဥပဒေထဲက ပြည်သူကို အကာအကွယ်ပေးထားတဲ့ ပုဒ်မ (၃) ခုကို အာဏာရူးမင်းအောင်လှိုင်က ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု(Privacy) နဲ့ လုံခြုံမှု(Security) ကို စိတ်တိုင်းကျ ပြန်လည်ချိုးဖောက်ထိပါးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။
နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်ထဲက ပုဒ်မ ၅ မှာ “သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည် (က) တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။
(ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရ ဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဝင် ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ် လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့် အတူ ဆောင် ရွက်ရမည်။” လို့ ဖော်ပြထားပါတယ်။
အခု ဒီပုဒ်မ (၅) ကို ရပ်ဆိုင်းလိုက်ပြီဆိုတော့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အပါအဝင် သက်သေ(၂) ဦး တောင် ပါဝင်စရာမလိုဘဲ ပြည်သူတွေရဲ့ အိမ်ထဲကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို စိတ်တိုင်းကျ ဝင်ရောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆည်းတာတွေကို လုပ်နိုင်သွားပြီဖြစ်ပါတယ်။
ပုဒ်မ ၇ မှာ “မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည် သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ။” လို့ ဖော်ပြ ထားပါတယ်။ အခု အဲဒီ့ ပုဒ်မကို ရပ်ဆိုင်းလိုက်ပြီဆိုတော့ ဘယ်သူ့ကို မဆို မတရား ဖမ်းဆီးပြီးနောက်မှာ တရားရုံးခွင့်ပြုချက် ရှိရှိ၊ မရှိရှိ ၂၄ နာရီထက်ကျော်လွန် ချုပ်နှောင်ထားတာတွေကို လုပ်လို့ရသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၈ မှာ “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံ တစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြု ချက်မရှိဘဲဖြစ်စေ- (က) နိုင်ငံသားတစ်ဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားဖမ်းဆီးခြင်းမပြုရ။
(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေ ၊ သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့်စုံစမ်းခြင်းမပြုရ။
(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြော ကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း မပြုရ။
(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက် သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။
(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့်စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။
(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရ။” လို့ ဖော်ပြ ထားပါတယ်။
အခု အဲဒီ့ ပုဒ်မကို ရပ်ဆိုင်းလိုက်ပြီဆိုတော့ အကြမ်းဖက်စစ်တပ်ဟာ ခွင့်ပြုမိန့်၊ ဝရမ်းမပါဘဲ၊ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်သူတွေရဲ့အိမ်ထဲကို ဝင်ရောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆည်းတာတွေလုပ်လို့ရသွားပါပြီ။ လူတိုင်းကို နောက်ယောင်ခံ စောင့်ကြည့်၊ စုံထောက်၊ စုံစမ်းတာတွေလုပ်လို့ရသွားပါပြီ။ ဖုန်းတွေ၊ မက်ဆိပ်ပို့တာတွေကို ကြားဖြတ် နားထောင်လို့ရသွားပါပြီ၊ တယ်လီကွန်းကုမ္ပဏီတွေကနေလည်း လူထုရဲ့ အချက်အလက်တွေကို ယူခွင့်ရှိသွားပါပြီ။
စာတွေ၊ ပါဆယ်တွေကိုလည်း ဖွင့်ဖောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖျောက်ဖျက်၊ ဖျက်ဆီးတာတွေ လုပ်လို့ရသွားပါပြီ။ မိသားစုရေးရာကိစ္စတွေမှာ အဓမ္မဝင်ရောက်စွက်ဖက်တာ၊ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာ၊ ထိခိုက်စေတာမျိုးတွေ လုပ်လို့ရသွားပါပြီ။ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းဆည်းတာ၊ ဖျက်ဆီးတာတွေကို လုပ်လို့ရသွားပါပြီ။
အမှန်အတိုင်းပြောရရင် ဒီလိုမျိုးလုပ်ရပ်တွေဟာ စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေဖြစ်သလို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကလည်း လုပ်နေကျလုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒါဆို ဘာလို့ ဒီပုဒ်မတွေကို ရပ်ဆိုင်းနေသေးလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ ငါတို့ လုပ်တာ ဥပဒေနဲ့ အညီဖြစ်တယ်ဆိုတဲ့ မိမိကိုယ်မိမိလှည့်စားခြင်း စိတ် ရောဂါကြောင့်ဖြစ်သလို၊ အဓမ္မစစ်သားစုဆောင်းထားသူတွေ၊ အတင်းအကျပ်စေခိုင်းထားသူတွေ၊ ဒွိဟစိတ်ဝင်ချင်သူတွေကို မင်းတို့လုပ်တာတွေအားလုံးက ဥပဒေနဲ့ အညီလုပ်နေတာဖြစ်တယ်ဆိုတဲ့ ရဲဆေးတမျိုး တင်ပေးချင်လို့လည်း ဖြစ်ပါတယ်။
ဦးကိုကိုကြီးတို့လို ၊ ဒေါ်စန္ဒာမင်းတို့လို ပုဂ္ဂိုလ်မျိုးတွေကိုလည်း ကျောတချက် သပ်ပေးလိုက်တဲ့ သဘောပါပဲ။ တခွန်းတည်းချုံ့ပြောရရင်တော့ မိမိကိုယ်မိမိလှည့်စားဖို့နဲ့ ဒေါက်တိုင်တွေ၊ စားဖားတွေ၊ လက်ပါးစေတွေကို လှည့်စားဖို့ပါပဲ။ အာဏာရူးဟာ သူ့လက်ပါးစေတွေကို မူးယစ်ဆေးကျွေးပြီး စစ်တိုက်ခိုင်းသလိုပဲ စာတစောင်ထုတ်ပြီး ရဲဆေးတင်ပေးလိုက်ပါပြီ။ အဲဒီ့တော့ စစ်အာဏာရှင်လက်ပါးစေတွေကလည်း အဲဒီ့ ရဲဆေးနဲ့ ပြည်သူလူထုအပေါ် ပိုမိုဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆတိုးပြီး ကျူးလွန်လာတော့မှာပဲဖြစ်ပါတယ်။
နံရံတွေမှာ နားတွေရှိတယ်၊ နံရံတွေမှာ မျက်လုံးတွေရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေ ထပ်တိုးကျူးလွန်လာတော့မယ် ကြီးမားတဲ့ ပြစ်မှုတွေအတွက် ကျူးလွန်သူ တယောက်မကျန်ကို ထိုက်တန်တဲ့ ပြစ်ဒဏ် ပြန်ပေးနိုင်ရေး တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အားလုံးဟာ စုစည်းညီညွတ်စွာနဲ့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တခုမကျန် မှတ်တမ်းတင်နိုင်အောင် ကြိုးစားကြခြင်းနဲ့ တုံ့ပြန်ကြသင့်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။
(စစ်မင်းနိုင်သူသည် ပြင်ပ ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)
